အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အရေးကြီးတဲ့ မြောက် Carolina ပြည်နယ်ကို သမ္မတလောင်း ၂ ယောက်လုံး ဒီနေ့ စနေနေ့ သွားရောက် မဲဆွယ်ကြမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မကျင်းပခင် နောက်ဆုံး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ မဲပေးဖို့ ဆုံးဖြတ်ချက် မချနိုင်သေးသူတွေကို ဒီမိုကရက်သမ္မတလောင်း Kamala Harris နဲ့ Republican သမ္မတလောင်း Donald Trump တို့ ၂ ယောက်လုံးက နောက်ဆုံးမဲဆွယ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီမိုကရက်သမ္မတလောင်း Harris ဟာ ပြည်နယ်ထဲက အကြီးဆုံးဖြစ်တဲ့ Charlotte မြို့မှာ နာမည်ကြီး Rock အဆိုတော် Jon Bon Jovi နဲ့ အတူ မဲဆွယ်ဖို့ စီစဉ်ထားပါတယ်။ Republican သမ္မတလောင်း Trump ကတော့ Greensboro မြို့က ပရိသတ် ၂ သောင်း ၂ ထောင်ဆံ့တဲ့ အားကစားကွင်းကြီးထဲမှာ မဲဆွယ်ပွဲလုပ်မှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အနိုင်ရဖို့ စုစုပေါင်း ပြည်နယ် ၅၀ မှာ ရှိတဲ့ သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်ပိုင်ခွင့်ရှိသူ ကိုယ်စားလှယ်တွေရဲ့ မဲ အနည်းဆုံး ၂၇၀ ရရှိဖို့ လိုအပ်ပါတယ်။ သမ္မတ ရွေးချယ်ခွင့်ရှိသူ ကိုယ်စားလှယ်မဲ ၁၆ မဲရှိတဲ့ မြောက် Carolina ပြည်နယ်ဟာ ရွေးကောက်ပွဲ အနိုင်ရဖို့ အရေးကြီးတဲ့ ပြည်နယ် ၇ ခုထဲကတခု ဖြစ်ပါတယ်။ သောကြာနေ့တုန်းကလဲ အနိုင်ရဖို့ အရေးကြီးတဲ့ Wisconsin ပြည်နယ်ကို သမ္မတလောင်း ၂ ယောက်လုံး သွားရောက်ပြီး မဲဆွယ်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက် လိုသေးပေမဲ့ ပြည်နယ်တော်တော်များများမှာ ကြိုတင်မဲတွေ ပေးနေကြတာမှာ မြောက် Carolina ပြည်နယ်မှာဆိုရင် လူကိုယ်တိုင် ကြိုတင်မဲကို ဒီနေ့ စနေနေ့ အထိ ပေးနိုင်ကြပါတယ်။ ဒီပြည်နယ်မှာ လောလောဆယ်အထိ လူကိုယ်တိုင် ကြိုတင်မဲ လာရောက်ပေးပြီးသူဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲထည့်ခဲ့သူ အရေအတွက်ထက်ကို ကျော်လွန်သွားပြီလို့ ပြည်နယ်ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ မဲပေးပိုင်ခွင့်ရှိသူ ၅၀ ရာခိုင်နှုန်းကျော် ကြိုတင်မဲထည့်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြောက် Carolina ပြည်နယ် အနောက်ပိုင်း ဒေသတချို့မှာ သေဆုံးပျက်စီးမှုများခဲ့တဲ့ Helene ဟာရီကိန်း မုန်တိုင်းဒဏ်ကို ခံထားရပါတယ်။
Forum