သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲ စတင်ကျင်းပ


အမေရိကန်ရွေးကောက်ပွဲ စတင်ကျင်းပနေပါပြီ။ (နိုဝင်ဘာ ၈၊ ၂၀၁၆၊ နယူးယောက်)
အမေရိကန်ရွေးကောက်ပွဲ စတင်ကျင်းပနေပါပြီ။ (နိုဝင်ဘာ ၈၊ ၂၀၁၆၊ နယူးယောက်)

အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ဒီကနေ့ ကျင်းပ နေပါပြီ။ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Hillary Clinton နဲ့ Republican သမ္မတလောင်း Donald Trump တို့ဟာ ပြည်နယ်အတော်များများမှာ မနေ့က တနင်္လာနေ့က တက်သုတ်ရိုက် မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။ လူထုထင်မြင်ချက်စစ်တမ်းတွေအရ နိုင်ငံတဝန်းလုံးမှာရော၊ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် အခရာကျတဲ့ ပြည်နယ်အတော်များများမှာပါ Hillary Clinton က ပုံမှန်အနေအထားနဲ့ နည်းနည်းသာနေတာတွေ့ရပါတယ်။

ဒါပေမဲ့ ဒီကနေ့ အင်္ဂါနေ့ မဲပေးပြီး ရလာဒ်ကသာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ သမ္မတလောင်းတွေ နောက်ဆုံးအနေနဲ့ ထောက်ခံမဲတွေရအောင် ဘယ်လို မဲဆွယ်ခဲ့ကြသလဲဆိုတာကို VOA သတင်းထောက် Jim Malone ကသတင်းပေးပို့ထားပါတယ်။ ရှားဖေါင်ကပြောပြပေးမှာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်လာမယ့် သမ္မတ အတွက် အရေးပါတဲ့ ပြည်နယ်တခုဖြစ်တဲ့ Pennsylvania ပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က သူမရဲ့ နောက်ဆုံး မဲဆွယ်စည်းရုံးရေးပွဲကို လုပ်ဆောင်နေတာပါ။

သဘောထားကွဲလွဲမှုတွေနဲ့အတူ အချိန်ကာလအကြာကြီး လုပ်လာခဲ့ရတဲ့ မဲဆွယ်စည်းရုံးရေးပွဲတွေ ရွေးကောက်ပွဲမတိုင်ခင် တရက်မှာတော့ မစ္စစ်ကလင်တန်က ပိုပြီး တက်တက်ကြွကြွဖြစ်တဲ့တဲ့ စကားတွေ ပြောဆိုနေပါတယ်။

“အမျက်ဒေါသဆိုတာ အစီအစဉ်တခုမဟုတ်ပါဘူး မိတ်ဆွေတို့။ ပြဿနာတွေကို ကြိုးစားပြီး ကျော်လွှားချင်တယ်၊ ကျမတို့ရဲ့ ခွန်အားတွေကို ပိုပြီးကျစ်လစ်အောင်လုပ်ချင်တယ်ဆိုရင်တော့ ကျမတို့တယောက်နဲ့ တယောက် ပြန်ပြီးစကားပြောကြရမယ်၊ ကောင်းမွန်တဲ့ အကြံအဉာဏ်တွေကို ဘယ်ကနေပဲဖြစ်ဖြစ် ကျမတို့ယူရမှာပါပဲ။”

မစ္စစ် ကလင်တန်ဟာ သူမ နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က ကိုယ်ပိုင်အီးမေးလ် အသုံးပြုခဲ့တာနဲ့ပတ်သက်ပြီး ဒုတိယ အကြိမ်စစ်ဆေးရာမှာ သံသယဖြစ်စရာအထောက်အထားမတွေ့ရကြောင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောကြားအပြီး တနင်္ဂနွေနေ့မှာတော့ ထောက်ခံမှုတွေပြန်ပြီး ရရှိလာခဲ့ပါတယ်။

သမ္မတ ဘာရက် အိုဘားမားအပါအဝင် နောက်ဆုံးမဲဆွယ်စည်းရုံးပွဲအတွင်းမှာ မစ္စစ်ကလင်တန် အကူအညီတွေ အများကြီးရရှိခဲ့ပါတယ်။ Michigan ပြည်နယ်လူထုစုဝေးပွဲအတွင်း သမ္မတ အိုဘားမားကအခုလိုပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုကို ဘုရားသခင်ကောင်းချီးပေးပါစေ။ မဲသွားပေးကြအောင်။”

ရီပါဗလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ကတော့ သူ့ရဲ့မဲဆွယ်စည်းရုံးပွဲကို ဖလော်ရေဒါပြည်နယ်မှာ စတင်ခဲ့ပါတယ်။ FBI နဲ့ မစ္စစ် ကလင်တန်တို့ရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေကို မစ္စတာ Trump က သူ့ရဲ့ ကိုယ်ကျိုးအတွက် ကြိုးစားအသုံးချခဲ့ပါတယ်။ သူကအခုလိုပြောပါတယ်။

“သမာသမတ်မရှိတဲ့ စနစ်က ဟီလာရီကလင်တန်ကို အကာအကွယ်ပေးနေတယ်။ မနက်ဖြန် မဲပုံးထဲကို အမှန်တရားတွေယူဆောင်ဖို့က အမေရိကန်ပြည်သူတွေအပေါ်မှာ မူတည်ပါတယ်။ ဒါဟာ ဖြစ်လာမယ့်အရာဖြစ် ဖြစ်ပါတယ်။”

မစ္စတာ Trump ဟာ သူရဲ့ သမီး Ivanka ဆီကနေလည်း အကူအညီတွေရခဲ့ပါတယ်။ Pennsylvania ပြည်နယ်မှာ မဲဆွယ်စည်းရုံးခဲ့တဲ့ Ivanka Trump က အခုလိုပြောပါတယ်။

“Trump ဟာ တဲ့တိုးသမားကြီးပါ။ သူ ဘယ်ဘက်မှာ ရပ်တည်တယ်ဆိုတာကို ရှင်တို့သိမှာပါ။”

ရလဒ်တွေကတော့ မဲလာပေးတဲ့သူအပေါ်မှာ မူတည်တယ်လို့ ရေပါဗလစ်ကန် နည်းဗျူးဟာမှူး Matt Gammon က ပြောပါတယ်။

“ခင်ဗျား ရွေးချယ်တာထက်ကို တခြားတယောက်က ဘာကြောင့် ပိုဆိုးတယ်ဆိုတာ လူတွေကိုသတိပေး နေဖို့လိုပါတယ်။ ဒါဟာ စိတ်ထဲမှာ မသတီစရာကောင်းတဲ့အဖြစ်မျိုး ခံစားကြရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့များ ဒီလိုမျိုး မဲဆွယ်စည်းရုံး နေကြတာပါလိမ့်လို့လည်း မတွေးချင်ကြပါဘူး။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာဘဲ ဒီလိုမျိုးအဆုံးသတ်မယ့်ပုံပါဘဲဗျာ။”

ဘယ်သူပဲအနိုင်ရ အနိုင်ရ စည်းလုံးညီညွတ်တဲ့တိုင်းပြည်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ရာမှာ နောက်တက်လာမယ့်သမ္မတအဖို့ကတော့ စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ အမေရိကန် တက္ကသိုလ် က သမိုင်းပညာရှင် Allan Lichtman ကပြောပါတယ်။

“Donald Trump သာ (သမ္မတ) ဖြစ်တယ်ဆိုပါဆို့ သူ့ရဲ့စကားအပြောအဆို အမူအကျင့်တွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို ထိုးနှက်ပြောဆိုချင်သလို ပြောလို့မရဘူး။”

ဒါပေမယ့် မစ္စစ်ကလင်တန်ရဲ့အောင်မြင်မှုဟာလည်း သူမရဲ့ နိုင်ငံရေးကျွမ်းကျင်မှုအပေါ် စမ်းသပ်မှုတခုဖြစ်စေမယ်လို့ Lichtman ကပြောပါတယ်။

“(ဟီလာရီကလင်တန် ဟာ ) အနည်းဆုံးတော့ သူမရဲ့အတိုက်အခံ ရေပါဗလစ်ကန်တွေကို ဆွဲဆောင်မှုရှိစေမယ့် အစီအစဉ်တွေ၊ မူဝါဒတွေကို ချမှတ်ရမှာဖြစ်ပါတယ်။”

ပြည်နယ်အတော်များများရဲ့ ကြိုတင်မဲပေးမှုတွေမှာ ဒီမိုကရက်တစ်ဘက်က အားကောင်းမှုတွေရှိနေတာကို တွေ့ရတယ်။ ဒါပေမယ့်လည်း ဒီကနေ့ အင်္ဂါနေ့ မဲပေးပွဲမှာ Trump ကိုထောက်ခံသူတွေဘက်က သူတို့ အလုံးအရင်း မဲပေးဖို့ရှိတယ်လို့ ပြောနေပါတယ်။

အမေရိကန်ရွေးကောက်ပွဲ စတင်ကျင်းပ
please wait

No media source currently available

0:00 0:03:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG