သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA တိုက်ခိုက်မှု ကန်သံရုံး ရှုတ်ချ


 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတံဆိပ် (FB-US embassy Rangoon)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတံဆိပ် (FB-US embassy Rangoon)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကို အာရခန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA က တိုက်ခိုက်ခဲ့တာကို ပြစ်တင် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ရခိုင်ပြည်နယ် တောင်ပြိုမြို့ကနေ ဘူးသီးတောင်မြို့ကို အသွား လမ်းပေါ်မှာ စစ်သားတွေ လိုက်ပါလာတဲ့ ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာသူ တချို့ ဒဏ်ရာရခဲ့ပြီး ၄ ရက်အကြာ ဒီကနေ့မှာ အမေရိကန် သံရုံးက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတွေ၊ မိသားစုဝင်တွေ အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း အမေရိကန် သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ပတ်သက်သူ အားလုံးတို့ ရဲ့ အပြောအဆို လုပ်ရပ်တွေက အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ သူတို့ သဘောဆန္ဒနဲ့ နေရပ်ရင်းကို လုံခြုံမှု ရှိရှိ ပြန်လာနိုင်တဲ့ အခြေအနေမျိုးကို အထောက်အပံ့ ဖြစ်စေဖို့လည်း တိုက်တွန်းထားပါတယ်။

တောင်ပြိုမြို့ ကနေ ဘူးသီးတောင်ကို အသွား ကြိမ်ချောင်းကျေးရွာ အနီးမှာ ARSA အကြမ်းဖက် သမား ၁၀ ဦးခန့်က စစ်သားတွေ လိုက်လာတဲ့ ကားကို လက်လုပ်မိုင်းနဲ့ ဖောက်ခွဲပြီး လုပ်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ ARSA အဖွဲ့ဘက်ကလည်း သူတို့ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။ အစိုးရထုတ်ပြန်ချက်မှာတော့ အမည်မသိ လက်နက်ကိုင်အဖွဲ့ (စီစစ်ဆဲ ဆိုပြီး) တဖွဲ့က တိုက်ခိုက်တာဆိုပြီး သုံးနှုံးပါတယ်။

တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ယဉ်မောင်းတဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာအာဏာပိုင်တွေဖက်က ထုတ်ပြန်ပေမယ့်၊ အေပီသတင်းတရပ်မှာတော့ နယ်ခြားစောင့်တပ်တာဝန်ရှိသူတဦးကို ကိုးကားပြီး စစ်သည် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင် အများစု နေထိုင်ရာ ဒေသတွေက လုံခြုံရေး စခန်း ၃၀ တို့ တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ၆ သိန်းခွဲကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတာပါ။

မြန်မာ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက် အရ ဒီလူတွေ နေရပ်ရင်း ပြန်ရေး လုပ်ငန်းစဉ်ကတော့ ဒီလကုန်ပိုင်းမှာ စတင်ဖို့ ရှိနေချိန်မှာပဲ၊ အခုလို တိုက်ခိုက်မှုပေါ်လာတာပါ။ ဒါဟာ ဒုက္ခသည်တွေနေရပ်ပြန်ရေးအစီအစဉ်ကို ထိခိုက်စေဖို့ ရည်ရွယ်ဆောင်ရွက်ချက်ဖြစ်တယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG