အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ သတင်းထောက်တစ်ဦးရဲ့ ရုံးနဲ့ အိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးတာကြောင့် သတင်းလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်တာတွေကနေ နောက်ဆုံး ဒီမြို့ရဲအရာရှိချုပ် နုတ်ထွက်ဖို့တောင်းဆိုတာတွေပါ ရှိလာနေပါတယ်။
ဒီ သတင်းထောက် Brian Carmody ထံကို ရဲ အစီရင်ခံစာတစ်စောင် ပေါက်ကြားရောက်ရှိသွားခဲ့တာကြောင့် မေလ ၁၀ ရက်နေ့မှာ ခုလို ဝင်ရောက်ရှာဖွေ ဖမ်းဆီးမူတွေ လုပ်ခဲ့ကြတာပါ။
ဒီသတင်းထောက်အနေနဲ့ (၅) နာရီကျော်ကြာ လက်ထိပ်ခပ် ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့ လက်ကိုင်ဖုန်းတွေ၊ ကင်မရာတွေ၊ ကွန်ပြူတာတွေနဲ့ ကွန်ပြူတာဖိုင်တွေသိမ်းတဲ့ Flash Drives တွေကိုပါ ရဲက သိမ်းယူသွားခဲ့ပါတယ်။
ဒီပေါက်ကြားခဲ့တဲ့ ရဲ အစီရင်ခံစာထဲမှာ ဆန်ဖရန်စစ္စကို ရဲဌာနကို ဝေဖန်လေ့ရှိတဲ့ ပြည်သူ့အခွင့်အရေး ကာကွယ်ရေး အရာရှိ Jeff Adachi ဖေဖော်ဝါရီလတုန်းက သေဆုံးခဲ့ရတဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။
ဆေးစစ်ချက်တွေအရ Adachi ဟာ ကုတ်ကင်းနဲ့ အရက်ကြောင့် သူ့နှလုံး ရောဂါကို ပိုဆိုးသွားစေပြီး အသက် ၅၉ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် Adachi ရဲ့ နောက်ဆုံး အသက်ရှင်နေခဲ့တဲ့ နာရီပိုင်းတွေအတွင်း လိင်ပိုင်းဆိုင်ရာ ဇောတက်နေမှုတွေ အသေးစိတ်ကိုလဲ စွပ်စွဲဖော်ပြထားပါတယ်။
ဆန်ဖရန် ရဲအရာရှိချုပ် Bill Scott ကတော့ ဝရမ်းအမိန့်နဲ့ သတင်းထောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ အစောပိုင်းမှာ ကာကွယ်ပြောဆိုထားခဲ့ပြီး သတင်းထောက် Carmody အနေနဲ့ ဒီ အစီရင်ခံစာကို ခိုးယူသွားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။