သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစိုးရလုပ်ငန်းတွေ အပြည့်အဝ လည်ပတ်ပြီ


အိမ်ဖြူတော်တွင် သမ္မတအိုဘားမား မိန့်ခွန်းပြောစဉ်။ (အောက်တိုဘာ ၁၆၊ ၂၀၁၃)
အိမ်ဖြူတော်တွင် သမ္မတအိုဘားမား မိန့်ခွန်းပြောစဉ်။ (အောက်တိုဘာ ၁၆၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားရတာ ၁၆ ရက် ကြာလာခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့ မှာ ပြန်လည် လုပ်ကိုင်ခွင့်ရပြီဖြစ်ပါတယ်။ အမေရိကန် အစိုးရ အကြွေးမပေးနိုင်ပဲ ဖြစ်သွားမှာကို ရှောင်လွှဲဖို့ အပေးအယူလုပ်ထားတဲ့ ဆုံးဖြတ်ချက်ကို နောက်ဆုံးအချိန်မှကပ်ပြီး လွှတ်တော်က အတည်ပြုပေးလိုက်တာမို့ အခုလို အစိုးရလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်တာပါ။

သမ္မတ Barack Obama က ဒီဆုံးဖြတ်ချက် ကို ဥပဒေအဖြစ် ချက်ချင်း လက်မှတ်ရေးထိုးပေးခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေ သဘောတူညီချက် အရ အစိုးရလုပ်ငန်းတွေ ၂၀၁၄ခု ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ဆက်လက် လည်ပတ်နိုင်မှာ ဖြစ်သလို ရှေ့နှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့လောက်အထိ အစိုးရ အကြွေးမပေးနိုင်တဲ့ အနေထားရောက်မသွားအောင် အစိုးရငွေချေးယူနိုင်တဲ့ ပမာဏကို တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ လွှတ်တော်အမတ်တွေ အနေနဲ့ အသုံးစားရိတ်ဖြတ်တောက်မှု ဆိုင်ရာ ညှိနှိုင်းမှုတွေကို လုပ်ဆောင်ကြမှာဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေဟာ ကြာသပတေးနေ့မနက်ကစပြီး အလုပ်ပြန်ဆင်းနိုင်ပြီဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမှာ ရှိတဲ့ အမျိုးသားရင်ပြင်အပါအဝင် Smithsonian ပြတိုက်တွေကို ကြာသပတေးနေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်သလို တိရိစ္ဆာန်ဥယာဉ်ကိုတော့ သောကြာနေ့မှာ ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။

အခုလို အမေရိကန်အစိုးရ အကြွေးမပေးနိုင်တဲ့အဖြစ်နဲ့ ရင်ဆိုင်ရမယ့်ကိစ္စ ရှောင်လွှဲနိုင်အောင် အကြွေးယူခွင့်ပမာဏ တိုးမြှင့်ပေးလိုက်တာကို တရုတ်အစိုးရက ကြိုဆိုလိုက်ပါတယ်။

ဒီလို သဘောတူညီမှုရခဲ့တာဟာ အမေရိကန်အကျိုးစီးပွါးတွေ အတွက်သာမက ကမ္ဘာ့စီးပွါးရေး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူဖြစ်စေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြား လိုက်ပါတယ်။
XS
SM
MD
LG