သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရလုပ်ငန်းများပြန်လည်ပတ်နိုင်မည့် ယာယီအသုံးစရိတ်မူကြမ်းမဲခွဲမည်


အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်နားထားရတာကို အဆုံးသတ်ရေး ဒီကနေ့ တနလာၤနေ့ နေ့ခင်းပိုင်းမှာ မဲခွဲဖို့ အထက်လွှတ်တော် အများစု ခေါင်းဆောင် Mitch McConnell က စီစဉ်ထားပါတယ်။

အစိုးရ အသုံးစာရိတ်ကို အနည်းဆုံး နောက် သတင်းသုံးပတ် ပေးရေး အပေါ် လွှတ်တော် အမတ်တွေ မဲခွဲကြမှာပါ။ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတဲ့ အထိ ဖြစ်စေခဲ့တဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စ ပြေလည်နိုင်မယ့် နည်းလမ်း ရလာရေး ပါတီကြီး နှစ်ရပ်တို့က လွှတ်တော် ခေါင်းဆောင်တွေရော လွှတ်တော်အမတ်တွေပါ မနေ့ တနင်္ဂနွေနေ့က တနေကုန် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။ ဘယ်အတိုင်းအတာ အထိ တိုးတက်မှု ရှိသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

မနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ မိန်းပြည်နယ် ကိုယ်စားပြု ရီပတ်ပလီကန် အမတ် Susan Collins ကတော့ သူမရဲ့ လုပ်ဖော်ကိုင်ဖက် ၂၂ ဦးပါ အဖွဲ့ကတော့ ထွက်ပေါက် တခု ရရေး ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားကြောင်း သတင်းထောက်တွေက ပြောဆိုခဲ့ပါတယ်။ ပြည်ထောင်စု အစိုးရ အသုံးစာရိတ်ကို အောက်လွှတ်တော်ကတော့ ပြီးခဲ့သတင်းပတ်ကုန်ပိုင်းက အတည်ပြုပေးခဲ့တာပါ။

ဒါပေမယ့်လည်း အထက်လွှတ်တော် ဒီမိုကရက်တွေဘက်က အမေရိကန် ပြည်ထောင်စုကို ကလေးဘဝမှာ တရားမဝင် ရောက်ရှိလာကြတဲ့ Dreamers တွေလို့ ခေါ်တဲ့ လူငယ်တွေကို ဌာနေပြန်ပို့မယ့် အရေးကနေ ကာကွယ်ပေးဖို့ တောင်းဆိုနေကြပြီး အစိုးရ အသုံးစာရိတ် အတည်ပြုပေးရေးကို အခုအချိန်ထိ ငြင်းဆန်ထားတာပါ။ ရီပတ်ပလီကန် တွေဘက်ကလည်း အစိုးရ လုပ်ငန်းတွေ ပြန်လည် လည်ပတ်မှု မရှိမချင်း လူဝင်မှု ကြီးကြပ်ရေးကို မဆွေးနွေးဘူးလို့ ပြောကြပါတယ်။ အစိုးရ အနေနဲ့ အသုံးစာရိတ် သုံးခွင့် အခွင့်အာဏာ မရှိတာကြောင့် မဖြစ်မနေ လုပ်ငန်းတချို့ကလွဲလို့ အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းထားရမှု အပေါ် တဖက်နဲ့ တဖက် အပြစ်ဖို့ နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG