သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အမေရိကန်လွှတ်တော်မှာဆန္ဒပြ


သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အမေရိကန် လွှတ်တော်မှာ ဒီမိုကရက်အမတ်တွေ နေရာမရွေ့ ဆန္ဒပြ
သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး အမေရိကန် လွှတ်တော်မှာ ဒီမိုကရက်အမတ်တွေ နေရာမရွေ့ ဆန္ဒပြ

အမေရိကန် အောက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေ ဗုဒ္ဓဟူးနေ့ကစပြီး နေရာမရွေ့ ဆန္ဒပြနေကြတဲ့ အခြေအနေအဆုံးသတ်ဖို့ ရီပတ်ဘလီကန်အမတ်တွေဘက်က ကြိုးစားကြပါတယ်။ လွှတ်တော် အစည်းအဝေးတွေကို လွတ်လပ် ရေးနေ့ အားလပ်ရက်ကာလအတွက် ရပ်နားဖို့လုပ်ပြီးတော့ ဆန္ဒပြပွဲအဆုံးသတ်အောင် ကြိုးစားတာပါ။ ဒါပေမဲ့လည်း ဆန္ဒပြနေတဲ့ ဒီမိုကရက်အမတ်တွေကတော့ မလျှော့သေးပါဘူး။

မကြာသေးခင်အချိန်ပိုင်းအထိဆိုရင် အောက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Nancy Pelosi အပါအဝင် အမတ် ၂၀ လောက် ဆက်ပြီး ဆန္ဒပြ တောင်းဆိုဆဲပါ။ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ် ရေးဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို လွတ်လပ်ရေးနေ့ အားလပ်ရက်ကာလမတိုင်ခင် မဲခွဲဆုံးဖြတ်ဖို့ ဖိအားပေးတဲ့အနေနဲ့ ဒီမိုကရက် အမတ်တွေက အခုလို ဆန္ဒပြ တောင်းဆိုတာပါ။

ဗုဒ္ဓဟူးနေ့ကစတဲ့ ဒီဆန္ဒပြတောင်းဆိုပွဲကို ၁၉၆၀ ပြည့်နှစ်တွေက လူမှုအခွင့်အရေး တောင်းဆိုတဲ့လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တဦး ဖြစ်သူ ဂျော်ဂျီယာပြည်နယ် အောက်လွှတ်တော်အမတ် John Lewis က ဦးဆောင်တာပါ။ အဲဒီကာလတွေတုန်းက အသား အရောင်ခွဲခြားဆက်ဆံတာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ နေ့လည်စာ စားတဲ့နေရာတွေ၊ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေ မှာ နေရာမရွေ့ ဆန္ဒပြတာတွေကို လုပ်ခဲ့ကြတာပါ။

အခုဆန္ဒပြတောင်းဆိုပွဲ ရပ်သွားဖို့ ရီပတ်ဘလီကန်အမတ်တွေက အတင်းလုပ်တာကြောင့် လွှတ်တော်ထဲမှာ ရုတ်ရုတ်သဲသဲ အခြေအနေဖြစ်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာ ရီပတ်ဘလီကန်အမတ်တွေက လွှတ်တော်ရပ်နားပြီလို့ ကြေညာပြီး တိုက်ရိုက် ရုပ်သံထုတ်လွှင့်တာတွေကို အဆုံးသတ်ပစ်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရက်အမတ်တွေက မိုဘိုင်းလ်ဖုန်းတွေသုံးပြီး ဖေ့စ်ဘုတ် လို့ လူမှုဆက်သွယ်ရေးဆိုက်တ်တွေကနေ ကိုယ်တိုင် တိုက်ရိုက် ရိုက်ယူထုတ်လွှင့်ကြပါတယ်။

အဲဒီထုတ်လွှင့်ချက်တွေကို လွှတ်တော်တွင်းအစည်းအဝေးတွေကို တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ C-SPAN ရုပ်သံဌာနက ပြန်ယူပြီးတော့ ထုတ်လွှင့်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဖလော်ရီဒါပြည်နယ်၊ အော်လန်းဒိုးမြို့ နိုက်ကလပ် တခုမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၄၉ ယောက် သေဆုံးရပြီး တဲ့နောက် သေနတ်ထိန်းချုပ်ရေး ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ ဒီမိုကရက်အမတ်တွေ ဖိအားပေး တောင်းဆိုလာ ကြတာပါ။

ဒီမိုကရက်တွေရဲ့ အခုလုပ်ရပ်ဟာ လူကြိုက်အောင် စတန့်ထွင်လုပ်တာ လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဘလီကန် အမတ် Paul Ryan က ဝေဖန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG