သမ္မတအိမ်ဖြူက ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ခြိမ်းခြောက်ထားတဲ့ ကြားကပဲ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုမှာ ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုတွေက ဆော်ဒီအာရေဗျ အစိုးရကို အကြမ်းဖက်မှုကို ပံ့ပိုးပေးတယ်လို့ စွပ်စွဲပြီး တရားစွဲဆိုဖို့ လုပ်ဆောင်ခွင့်ရှိတဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဆော်ဒီအာရေဗျအစိုးရက ကန့်ကွက်နေတဲ့ ကြားကပဲ မေလတုန်းက အကြမ်းဖက်မှုဆိုင်ရာ ထောက်ခံပံ့ပိုးသူတွေကို တရားဥပဒေအရ အရေးယူမှုဆိုင်ရာ ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။
အဲဒီအကြမ်းဖက်မှုမှာ လေယာဉ် အပိုင်စီးသူ ၁၉ ဦးထဲက ၁၅ ဦးဟာ ဆော်ဒီအာရေဗျနိုင်ငံသားတွေ ဖြစ်ပေမယ့် ဆော်ဒီအစိုးရကတော့ သူတို့ စွပ်စွဲသလို ဒီတိုက်ခိုက်မှုမှာ ပါဝင်ပါတ်သက်မှု မရှိတဲ့အပြင် အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ ကိုပါ သူတို့ပံ့ပိုးမှု မပေးခဲ့ကြောင်း ပြောပါတယ်။
ဒီဥပဒေကြမ်းကနေ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ကြား ၂ နိုင်ငံ ဆက်ဆံရေးလျော့ပါးနိုင်သလို နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေအန္တရာယ် ရှိလာနိုင်တဲ့ အပြင် အမေရိကန်ပြည်ထောင်စုက တခြားနိုင်ငံတွေကို တရားစွဲဆိုနိုင်တဲ့ လမ်းပွင့်သွားမှာကို ပူပန်တဲ့အတွက် ဒီဥပဒေကြမ်းကို သမ္မတ အိမ်ဖြူက ကန့်ကွက်ထားတာပါ။
သမ္မတ အိမ်ဖြူက ဗီတိုအာဏာသုံးပယ်ချတာကို အထက်နဲ့ အောက်လွှတ်တော် အမတ်တွေထဲက အနည်းဆုံး သုံးပုံ နှစ်ပုံက ပယ်ဖျက် ပစ် နိုင်ပါတယ်။