သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အင်အားကြီး Florence မုန်တိုင်းဘေး ဒေသခံမြန်မာတွေ ရှောင်နိုင်ဖို့ ကြိုးပမ်း


အင်အားအလွန်ပြင်းမယ့် ဟာရီကိန်း Florence မုန်တိုင်းဘေး လွတ်ရာ ရွှေ့ပြောင်းလာနေကြစဉ်

အမေရိကန် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသကို ဦးတည်ပြီး အင်အားအလွန်ပြင်းမယ့် ဟာရီကိန်း Florence မုန်တိုင်းလာနေတာကြောင့် မြောက်နဲ့ တောင် ကိုရိုလိုင်းနား အပြင် ဗာဂျီနီးယားပြည်နယ်တွေမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး သမ္မတ ဒေါ်နယ်ထရမ့်ကလည်းမုန်တိုင်းဒဏ် ကာကွယ်ပြင်ဆင်ရေး ရံပုံငွေမခြိုမခြံသုံးစွဲပြီး အစွမ်းကုန်ဆောင်ရွက်နေကြောင်း မနေ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီပြည်နယ်တွေက ဒေသခံတွေလည်း ဘေးကင်းရာကို ပြောင်းရွှေ့ ခိုလှုံနေကြရတဲ့အထဲမှာမြန်မာတွေလည်း ပါဝင်ကြပါတယ်။ သူတို့တွေ ဘယ်လို မုန်တိုင်းဘေးကနေ လွတ်ဖို့ ကြိုးပမ်းနေကြပါသလဲ ဆိုတာကိုမအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ကြာသာပတေးနေ့ညနှောင်းပိုင်း သို့မဟုတ် သောကြာနေ့ အစောပိုင်းမှာ မြောက်နဲ့ တောင် ကိုရိုလိုင်းနားပြည်နယ်နယ်စပ် ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်လာဖို့ရှိတဲ့ ဟာရီကိန်း Florence မုန်တိုင်းဟာ လတ်တလောမှာတော့တနာရီကို လေတိုက်နှုန်း မိုင် ၁၃၀ နီးပါး ပြင်းအားအဆင့် သုံး နဲ့အန္တတန်လန်တိတ် သမုဒ္ဒရာကနေ လာနေပါတယ်။

ဟာရီကိန်း Florence ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး မုန်တိုင်းကြီးဖြစ်နိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေကလည်း ခန့်မှန်းထားတာပါ။မုန်တိုင်းဒဏ် အဆိုးရွာဆုံးကို မြောက်ကိုရိုလိုင်းနားပြည်နယ်က ခံရမှာဖြစ်ပြီး ကပ်နေတဲ့ တောင်ကိုရိုလိုင်းနားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာလည်း ထိခိုက်မှု အပျက်အစီး ဆုံရှုံးမှုတွေ များလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မုန်တိုင်းဒဏ် ကာကွယ်ရေးအတွက် အမေရိကန်ဗဟိုအစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အစွမ်းကုန် ဆောင်ရွက်နေတယ်လို့ သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ကုန်ကျစရိတ်တွေအတွက် ကျနော်တို့ ခြိုးခြံချွေတာမှာ မဟုတ်ဘူး။ အပြည့်အ၀ကို ပြင်ဆင်ထားပါတယ်။ ကျနော်တို့ အဆင်သင့်ဖြစ်နေပါတယ်။ ဘယ်သူကမှ မလုပ်ခဲ့ဘူးတဲ့ ပြင်ဆင်မှုမျိုးနဲ့ ကျနော်တို့ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။”

လေတိုက်နှုန်းပြင်းထန်တဲ့အတွက် နေအိမ် အဆောက်အဦတွေ ထိခိုက်တာ၊ မိုးသည်းထန်ပြီး ရေကြီး၊ မြေပြိုတာ၊ လမ်းပန်းအဆက်အသွယ် ပြတ်တောက်တာ စတဲ့ ကြီးမားတဲ့ ဘေးအန္တရာယ် တွေကျရောက်ဖို့ရှိပြီး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုံးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းအန္တရာယ် ကြီးမားမယ့် အခြေအနေနဲ့ ပတ်သက်လို့ သမ္မတက အခုလို ပြောပါတယ်။

“မုန်တိုင်းလာမယ့် လမ်းကြောင်းကျနေတဲ့နေရာတွေနဲ့ အန္တရာယ်အများ ဆုံးဖြစ်မယ့်နေရာတွေကတော့ ဗာဂျီနီးယား၊ မြောက်ကိုရိုလိုင်းနား၊ တောင်ကိုရိုလိုင်းနား ပြည်နယ်တွေပဲဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ် နဲ့ ၃၀ အတွင်း ကျနော်တို့ တခါမှမမြင်ခဲ့ဘူးတဲ့ အခြေအနေတွေ ရင်ဆိုင်ရဖို့ရှိတယ်ဆိုတာ ကျနော် ထပ်ပြောချင်ပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုး တခါမှ မကြုံဘူး ဘူးလို့တောင် ပြောနိုင်ပါတယ်။ မုန်တိုင်းဟာ အလွန်ကိုကြီးမားပြီး မိုးအကြီးအကျယ်ရွာမှာဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဌာန (FEMA) အကြီးအကဲ Brock Long နဲ့ အမိမြေလုံခြုံရေးဌာန ၀န်ကြီး Kirstjen Nielsen တို့ကလည်း မုန်တိုင်းဒဏ်ဘေးကနေ အမေရိကန်ပြည်သူတွေ ကင်းလွတ်အောင် အစိုးရဘက်က ကြိုတင်ပြင်ဆင်နေတဲ့ အစီအစဉ်တွေကို သမ္မတ ထရမ့်ကို အစီရင်ခံတင်ပြခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ FEMA အကြီးအကဲ Brock Long က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ကျနော်တို့ စိုးရိမ်နေတဲ့ အကြီးဆုံးအန္တရာယ်ကတော့ မုန်တိုင်းအရှိန်ဟာ တဟုန်ထိုး တက်လာနေတာဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း ဘေးလွတ်ရာရွှေ့ပြောင်းတဲ့ အရေးပေါ်အစီအစဉ် ဖြစ်လာရတာပါ။”

မုန်တိုင်းဒဏ် အဆိုးရွာဆုံးခံရမယ့် မြောက် ကိုရိုလိုင်းနားပြည်နယ် New Bern မြို့မှာ နေထိုင်တဲ့ မြန်မာအများစုဆိုရင်လည်း ဗုဒ္ဓဟူးနေ့ကတည်းက ဘေးလွတ်ရာ အခြားမြို့တွေဆီ ပြောင်းရွှေ့ခိုလှုံနေကြကြောင်း မြို့ခံ ကိုစိုးသန်းက ဗွီအိုအေကိုပြောပါတယ်။

“ State Governorပြည်နယ်အုပ်ချုပ်ရေးမှူးကနေ State of Emergency အရေးပေါ်အခြေအနေ ကြေညာတယ်။ ပြီးတော့ မုန်တိုင်းရဲ့ အခြေအနေကို ကြည့်ပြီးတော့ ပထမဆုံး ကျောင်းတွေပိတ်တယ်။ နောက် အလုပ်တွေ ပိတ်လာတယ်။ အထူးသဖြင့် ကျနော်တို့နေတဲ့ Craven County ဆိုတဲ့နေရာမှာ အကုန်လုံးပြောင်းရွှေ့ဖို့ အသိပေးလာတယ်။ မုန်တိုင်းရဲ့ အခြေအနေက ၁၂၀နဲ့ ၁၄၀ မိုင် ကြားရှိမယ်၊ ပြီးတော့ ပြင်းအားအဆင့် ၄ ဆိုတော့ ကျနော်တို့လည်း နေမရတော့တာနဲ့ ပြောင်းလာတယ်။ ကျနော်တို့ အခြားမြို့ကိုရောက်နေတယ်။ အဲဒီမတိုင်ခင် ကြိုတင် ပြင်ဆင်ဖို့ ဘာတွေပြောထားလဲဆိုရင် ရေတွေ ၀ယ်ခိုင်းတယ်၊ နောက် အစားအသောက်တွေ စုဆောင်းဖို့၊ ဓါတ်ဆီတွေ စုထားဖို့။ ဓါတ်ဆီတွေလည်း ဓါတ်ဆီဆိုင်တွေမှာ မရှိတော့ဘူး။ ရေ ဆိုရင်လည်း ပြတ်သွားပြီ။ မနေ့ကဆိုရင်လည်း ပြောင်းရွှေ့တဲ့သူတွေ များတော့ အဝေးပြေးလမ်းမပေါ်မှာ ကားတွေပြည့်နေတယ်။”

မုန်တိုင်းအန္တရာယ် ကျရောက်နိုင်တဲ့ပြည်နယ်တွေဖြစ်တဲ့ မြောက်နဲ့ တောင် ကိုရိုလိုင်းနား၊ ဗာဂျီနီးယား၊ မေရီလန်း ပြည်နယ်တွေအပါအ၀င် ၀ါရှင်တန်ဒီစီမှာ အရေးပေါ်အခြေအနေအဖြစ် သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေက ထုတ်ပြန်ကြေညာထားပါတယ်။

အရင်က ဟာရီိကိန်း Florence မုန်တိုင်းဟာ ပြင်းအားအဆင့် လေးရှိရာကနေ ဗုဒ္ဓဟူးနေ့မှာ ပြင်းအားအဆင့် သုံးအဖြစ်ကို လျော့ကျလာပေမယ့် မုန်တိုင်းကြောင့် တချို့နေရာတွေမှာမိုးရေချိန်ပမာဏ လက်မ ၄၀ နီးပါး ရွာသွန်းဖို့ရှိနိုင်ပြီး တချို့နေရာတွေမှာ လက်မ ၂၀ ကနေ ၃၀ နီးပါးအထိ ရွာသွန်းမှုရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG