အမေရိကန် ပြည်ထောင်စုထဲမှာ ပြည်နှင်ဒဏ်ခံရမယ့် အရေး ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရည်ရွယ်ပြီး နိုင်ငံတဝန်း ဖမ်းဆီးမှုတွေကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဦးစီးဌာန ICE က တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ စတင်မယ်လို့ ခန့်မှန်းကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတ Donald Trump အတည်ပြုလိုက်တဲ့ အခု စီးနင်းဖမ်းဆီးမှုမှာတော့ ချီကာဂို၊ လောစ့်အိန်းဂျလိစ်၊ နယူးယောက်မြို့ကြီးတွေ အပါအဝင် မြို့ကြီးတွေက ရာနဲ့ချီတဲ့ မိသားစုတွေကို ပစ်မှတ်ထားမယ်လို့ ခန့်မှန်းထားကြပါတယ်။
လူဝင်မှုကြီးကြပ်ရေး အမှုတွေ ရင်ဆိုင်နေကြရတဲ့ ဗဟို အမေရိက နိုင်ငံတွေက လူတွေကို ICE တာဝန်ရှိသူတွေက အများစု ပစ်မှတ်ထားမယ်လို့လည်း ICE ရဲ့ ယာယီ ညွှန်ကြားရေးမှူး Matthew Albence က ပြောဆိုထားပါတယ်။
ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဖြိုခွင်းမယ်ဆိုတဲ့ ရွေးကောက်ပွဲ ကတိကဝတ်ကြောင့် သူ့ကို မဲထည့်ခဲ့ကြသူတွေကတော့ သမ္မတ Trump ရဲ့ ကြေညာချက်ကို ကျေနပ် လက်ခံမယ်လို့ ခန့်မှန်းရပါတယ်။
မိသားစုတွေကို ပစ်မှတ်ထားတာဟာဆိုရင် လူမဆန်တဲ့ လုပ်ရပ်လို့ ကြေညာပြီး ဒီဆောင်ရွက်ချက်ကို ဒီမိုကရက်တွေက ရှုတ်ချပါတယ်။
အများစု ဒီမိုကရက်တွေ ဖြစ်ကြတဲ့ မြို့တော်ဝန် အများစုကတော့ ဌာနေပြန်ပို့ရေး လုပ်ငန်းစဉ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုတဲ့ သူတို့ရဲ့ မူဝါဒတွေကို ထပ်လောင်း ပြောဆိုထားပြီး ကိုယ့်အခွင့်အရေးကို နားလည်သိရှိနိုင်ရေး အတွက် လူတွေ ခေါ်ဆို အကူအညီတောင်းနိုင်မယ့် တယ်လီဖုန်းလိုင်းတွေကို ကြေညာထားပါတယ်။
အမေရိကန် ပြည်ထောင်စုကို တရားမဝင် ဝင်ရောက်လာတဲ့ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဖမ်းဆီးဖို့ ရည်ရွယ်တယ်လို့ သမ္မတ Trump က တွစ်တာမှာ ရေးသားထားပြီး အစိုးရ တာဝန်ရှိသူတွေကတော့ လူပေါင်း ၂,၀၀၀ လောက်ကို ပစ်မှတ်ထားမယ်လို့ ပြောဆိုထားပါတယ်။