ကျူးဘားနိုင်ငံ၊ ဂွာတာနာမိုပင်လယ်အော်က အမေရိကန်ရေတပ်အခြေစိုက်စခန်းမှာ ပြည်နှင်ဒဏ်မပေးမီ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို အမေရိကန် ပြည်မဘက်ကို နောက်ဆုံး အသုတ် ပြန်လည် ခေါ်ယူခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဗွီအိုအေကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဂွာတာနာမိုကစခန်းမှာ ထိန်းသိမ်းထားတဲ့ “ခြိမ်းခြောက်မှု အဆင့် မြင့်မားတဲ့ တရားမဝင် နိုင်ငံခြားသား ၂၃ ဦး” အပါအဝင် အကျဉ်းသား ၄၀ ဦးကို လူဝီစီယားနားပြည်နယ်ကို အင်္ဂါနေ့မှာ ပို့ဆောင်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိ နှစ်ဦးက ပြောပါတယ်။
ဒီအကြောင်းအရာကို ပြောခွင့် မရှိတဲ့ အမည်မဖော်လိုတဲ့ အရာရှိတွေရဲ့ ပြောကြားချက်အရ ICE လို့ အတိုကောက်ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ကြပ်မတ်ရေး ဌာနက တာဝန်ရှိသူတွေရဲ့ လမ်းညွှန်မှုနဲ့ အကျဉ်းသားတွေကို အရပ်ဘက်သုံးလေယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ICE ဌာနနဲ့ သူ့ရဲ့ မိခင် အဖွဲ့အစည်းဖြစ်တဲ့ အမိမြေလုံခြုံရေးဌာန (DHS) တို့ကို ဒီကိစ္စမှတ်ချက်ပေးဖို့ ဗွီအိုအေက ဆက်သွယ်ထားပေမယ့် လတ်တလောမှာ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ အရင် အပတ်တုန်းက ဂွာတာနာမိုမှာ ထိန်းသိမ်းခံရသူတွေရဲ့ နောက်ဆုံးအခြေအနေ မေးမြန်းချက်ကို ICE ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ရာမှာတော့"တရားစွဲဆိုမှု လုပ်ငန်းစဥ် ဆောင်ရွက်နေဆဲ ကာလဖြစ်လို့" မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တရားမဝင် နေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးရေး ကြိုးပမ်းချက်မှာ ဦးဆောင်နေတဲ့ ICE နဲ့ DHS အဖွဲ့တွေဟာ ထိန်းသိမ်းထားသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်လေ့မရှိပါဘူး။ အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဝန်ကြီး Kristi Noem ရဲ့ လူမှုကွန်ရက်ထုတ်ပြန်ချက်မှာတော့ ဂွာတာနာမို ကို ပို့ခဲ့တဲ့ "ခြိမ်းခြောက်မှုမြင့်မားတဲ့ တရားမဝင် နိုင်ငံခြားသား" အများအပြားဟာ ဗင်နီဇွဲလားရာဇဝတ်ဂိုဏ်း Tren de Aragua အဖွဲ့ဝင်တွေဖြစ်ကြပြီး လူသတ်မှု၊ လူသတ်ရန် ကြံစည်မှု၊ ရန်ပြုမှု၊ လက်နက်မှောင်ခိုမှုနဲ့ မူးယစ်ဆေးဝါး အမှုတွေ ကျူးလွန်ကြောင်း ဝန်ခံထားသူတွေနဲ့ အမှုစွဲချက်တင်ထားသူတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မူရင်းနိုင်ငံနေရပ်ကို ပြန်ပို့ဖို့ စီစဉ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကိုထိန်းသိမ်းထားဖို့အတွက် ဂွာတာနာမိုပင်လယ်အော်က အမေရိကန်ရေတပ်အခြေစိုက်စခန်းကို အသုံးပြုမယ်လို့ ထရမ့်အစိုးရအဖွဲ့က ဇန်နဝါရီနှောင်းပိုင်းက ကြေညာခဲ့တာပါ။ အဲတုန်းကဝန်ကြီး Noem ရဲ့ ပြောဆိုချက်မှာတော့ ဂွာတာနာမိုမှာ"အဆိုးတကာ့ အဆိုးဆုံး သူတွေ" ကို ထိန်းသိမ်းမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန် ပြည်သူ့ရေးရာ လွတ်လပ်ခွင့်သမဂ္ဂ အပါအဝင်ရွှေ့ပြောင်း အခြေချသူတွေအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေကလည်း ဂွာတာနာမို ပင်လယ်အော်မှာ ရွှေ့ပြောင်းသူတွေကို ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကို တရားစွဲဆိုမှုတွေလည်း လုပ်ထားပါတယ်။
Forum