တရားမဝင် ပြောင်းရွှေ့နေထိုင်နေသူတွေကို လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီး ပြန်ပို့တဲ့ လူဦးရေက ကျေနပ်ဖွယ်မရှိဘူးလို့ သမ္မတထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ထရမ့် သမ္မတဖြစ်လာတဲ့ အချိန်ကတည်းကဆိုရင် ရွှေ့ပြောင်းနေထိုင်နေသူ ၁၄,၀၀၀ ကို ဖမ်းဆီးခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒါ့ထက် အများကြီး ပိုလုပ်ကြရဦးမယ်လို့ မစ္စတာ Tom Homan က စီအင်န်အင်န် ရုပ်မြင်သံကြားဌာနကို ပြောခဲ့တာပါ။
ဒီလို ဖမ်းခဲ့သူတွေ အများကြီးကို သူတို့တိုင်းပြည် ပြန်ပို့ ဒါမှမဟုတ် ကျူးဘားမှာရှိတဲ့ အမေရိကန် ရေတပ် အခြေစိုက်စခန်း ဂွါတာနာမို အကျဥ်းစခန်းကို ပို့ခဲ့တာပါ။ အမှု မပြီးပြတ်သေးကြသူ တချို့ကိုတော့ အမေရိကန်မှာ ဆက်ရှိနေဖို့ လွှတ်ပေးခဲ့ပါတယ်။
တရားဝင် စာရွက်စာတမ်းမရှိဘဲ နေထိုင်နေကြသူ ၁၁ သန်းရှိတယ်လို့ အစိုးရက ခန့်မှန်းထားပြီး သန်းချီ ပြန်ပို့မယ်လို့ သမ္မတထရမ့်က မဲဆွယ်စည်းရုံးရေးမှာ ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ နှောင်းပိုင်းမှာ တနေ့ လူ ၈၀၀ ဖမ်းဆီးခဲ့တယ်လို့ အမိမြေလုံခြုံရေးဌာနက ပြောပါတယ်။ ဇန်နဝါရီ ၂၆ မှာ အများဆုံး ၁,၁၇၉ ယောက် ဖမ်းဆီးခဲ့တာပါ။ ဖေဖော်ဝါရီ ပထမ ၂ ပတ်မှာတော့ ဖမ်းဆီးတာ တနေ့ လူ ၆၀၀ အောက် ရောက်သွားခဲ့ပါတယ်။ သမ္မတထရမ့် အစိုးရက တနေ့ကို လူ ၁,၂၀၀ ကနေ ၁,၅၀၀ ကြား ဖမ်းဆီးဖို့ ရည်ရွယ်ထားတာပါ။
Forum