သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် Kristi Noem ကို လွှတ်တော်အတည်ပြု


အမိမြေလုံခြုံရေးဝန်ကြီး တာဝန်ပေးသင့် မသင့် ဆီးနီးလွှတ်တော်ကြားနာပွဲမှာ အစစ်ဆေးခံနေတဲ့ တောင်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး Kristi Noem (Washington, DC, on January 17, 2025)
အမိမြေလုံခြုံရေးဝန်ကြီး တာဝန်ပေးသင့် မသင့် ဆီးနီးလွှတ်တော်ကြားနာပွဲမှာ အစစ်ဆေးခံနေတဲ့ တောင်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး Kristi Noem (Washington, DC, on January 17, 2025)

အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဌာနတခုဖြစ်တဲ့ အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် တောင်ဒါကိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး Kristi Noem ကို ဆီးနိတ် အထက် လွှတ်တော်က စနေနေ့က အတည်ပြုလိုက်ပါတယ်။

သူဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ နှိမ်နင်းရေး အစီအစဥ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ဦးဆောင်ရမှာ ဖြစ်ပါတယ်။ အမိမြေလုံခြုံရေး ဝန်ကြီး တာဝန်က နယ်စပ် ကာကွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံသားဖြစ်မှုနဲ့ အကောက်ခွန်ဆိုင်ရာ ကဏ္ဍတွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်၊ လေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ လုံခြုံရေး အစရှိတဲ့ ကိစ္စရပ်တွေမှာလည်း တာဝန်ရှိပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဒုတိယ သက်တမ်းဆောင်ရွက်နေသူ Kristi Noem ဟာ သမ္မတထရမ့်ရဲ့ မဟာမိတ်တဦးဖြစ်ပါတယ်။ ထရမ့်က ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေးဌာန ပြန်လည်ဖွဲ့စည်းမှု အပါအဝင် အမိမြေလုံခြုံရေးဌာနရဲ့ လူဝင်မှုကြီးကြပ်ရေးမှာ စစ်တပ်ကို ပါဝင် အသုံးပြုဖို့နဲ့ လုပ်ငန်းတာဝန်တွေ သတ်မှတ်ချက်တွေမှာ အဓိက အပြောင်းအလဲ လုပ်ဖို့ စီစဥ်ထားလို့ သူက ဒါတွေကို အဓိက ဦးဆောင်ရမယ့်သဘော ဖြစ်ပါတယ်။

သူ့ကို အခု သီတင်းပတ်ထဲ အထက်လွှတ်တော် အမိမြေလုံခြုံရေးနှင့် အစိုးရရေးရာကော်မတီမှာ ကြားနာ စစ်ဆေးခဲ့ရာမှာ ဒီမိုကရက်တချို့ရဲ့ ထောက်ခံမှု ရရှိခဲ့ပါတယ်။ ရီပတ်ဘလီကန်တွေကလည်း သူ့ကို အတည်ပြုနိုင်ရေး လိုအပ်တဲ့ မဲအရေအတွက်ကို ရရှိထားပြီးဖြစ်လို့ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးမှာ ဦးဆောင်ကြပ်မတ်ဖို့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။


“အကျပ်အတည်း ဆိုက်နေတာကို ပြုပြင်ပြီး တရားဥပဒေစိုးမိုးရေး ပြန်လည် ဖော်ဆောင်နိုင်ဖို့က သမ္မတ ထရမ့်နဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ ထိပ်တန်းဦးစားပေးတွေထဲက တခုပါ” လို့ ဆီးနိတ် လူများစုခေါင်းဆောင် တောင်ဒါကိုတာ ပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် John Thune က သောကြာနေ့မှာ ပြောပါတယ်။ “အမိမြေလုံခြုံရေးဌာနမှာ ပြတ်ပြတ်သားသားနဲ့ တစိုက်မတ်မတ် ဆောင်ရွက်မယ့် ခေါင်းဆောင်တဦး လိုအပ်နေပြီး Kristi က ဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ လိုအပ်ချက် မှန်သမျှနဲ့ ပြည့်စုံသူအဖြစ် ယုံကြည်တယ်" လို့ သူက ပြောပါတယ်။

ရီပတ်ဘလင်ကန် အမတ်တွေဟာ စနေနေ့မှာ အစိုးရ အဖွဲ့ အရေးကြီး ရာထူးနေရာတွေ အတွက် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် အတည်ပြုရေး လုပ်ငန်းစဥ်ကို ဆက်လက် ဆောင်ရွက်ခဲ့တာပါ။

ဘဏ္ဍာရေးဝန်ကြီးအဖြစ် သမ္မတက ရွေးချယ်ထားတဲ့ Scott Bessent ကိုလည်း စနေနေ့က အထက်လွှတ်တော်မှာ ထောက်ခံထားပြီး တနင်္လာနေ့မှာ အပြီးသတ် မဲခွဲ အတည်ပြုဖို့ ရှိပါတယ်။

သောကြာညပိုင်းတုန်းကတော့ Fox ရုပ်သံဌာနမှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ခဲ့ဖူးပြီး အမေရိကန်စစ်တပ်မှာ အရာရှိအဆင့် တာဝန်ထမ်းခဲ့ဖူးတဲ့ Pete Hegseth ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ နောက်ထပ်အရေးပါတဲ့ ရာထူးနေရာတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် Marco Rubio၊ အမေရိကန် ဗဟိုထောက်လှမ်းရေး CIA ညွှန်ကြားရေးမှူး အဖြစ် John Ratcliffe တို့ကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Forum

XS
SM
MD
LG