သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီဆန့်ကျင်သူ ကမ္ဘောဒီယားတွေကို ကန် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်


ကမ္ဘောဒီးယား Phnom Penh မှာ ရှိတဲ့ အမေရိကန်သံရုံး။
ကမ္ဘောဒီးယား Phnom Penh မှာ ရှိတဲ့ အမေရိကန်သံရုံး။

ကမ္ဘောဒီးယားနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိခိုက်အောင် လုပ်နေသူတွေ အဖြစ် အမေရိကန်က သတ်မှတ်လိုက်တဲ့ သူတွေအပေါ် အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဖို့ ကန့်သတ်လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကို ဖျက်သိမ်းလိုက်တာ၊ ပါတီခေါင်းဆောင်တွေကို ရွေးကောက်ပွဲ နိုင်ငံရေးမှာ ပါဝင်ခွင့်မပြုတာ၊ အတိုက်အခံခေါင်းဆောင် Kem Sokha ကို ဖမ်းဆီးအကျဉ်းချထားတာ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိခိုက်စေကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ Heather Nauert က မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။

အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဖို့ ကန့်သတ်ခံရတဲ့သူတွေဟာ ဘယ်သူတွေဆိုတာကို ထုတ်မပြောပေမဲ့၊ မိသားစုဝင်တွေ အပေါ်မှာပါ ကန့်သတ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရှေ့နှစ် ဇူလိုင်လထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ နှစ်ပေါင်းများစွာ ကမ္ဘောဒီးယားနိုင်ငံကို အုပ်ချုပ်လာခဲ့တဲ့ ဝန်ကြီးချုပ် Hun Sen က အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို သိသိသာသာ ဖိနှိပ်လာခဲ့တာပါ။ အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီကိုလည်း တရားရုံးချုပ်က စက်တင်ဘာလထဲမှာပဲ ဖျက်သိမ်းလိုက်သလို၊ ပါတီခေါင်းဆောင် Kem Sokha ကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။

VOA အမေရိကန်အသံ၊ RFA လွတ်လပ်တဲ့ အာရှအသံ အပါအဝင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတဲ့ ရေဒီယိုအစီအစဉ် တော်တော်များများကို ပိတ်လိုက်သလို၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေ၊ အရပ်ဖက်လူမှုအဖဲ့ွအစည်းတွေ အပေါ်မှာလည်း ကန့်သတ်မှုတွေ လုပ်ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ အတိုက်အခံပါတီကို နိုင်ငံရေးလုပ်ငန်းတွေ ပြန်လည်လုပ်ခွင့်ပေးဖို့၊ ပါတီခေါင်းဆောင်ကို လွှတ်ပေးဖို့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုဖို့လည်း ကမ္ဘောဒီးယား အစိုးရကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG