သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရ်ှနဲ့ ကမ္ဘောဒီယားခေါင်းဆောင်တွေဆွေးနွေး


ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ် Hun Sen
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ် Hun Sen

ရိုဟင်ဂျာ မူစလင်ဒုက္ခသည် အကျပ်အတည်းနဲ့ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်း ဆောင်ရွက်နေတာနဲ့အမျှ ဒေသတွင်းနိုင်ငံတခုဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံအနေနဲ့လည်း ဒီကိစ္စ ဖြေရှင်းကိုင်တွယ်နိုင်အောင် ဝိုင်းဝန်ကူညီဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ပန်ကြားလိုက် ပါတယ်။ သုံးရက်ကြာ ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်အတွင်း ဒီကနေ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen နဲ့တွေ့ဆုံအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောဆိုသွားတာပါ။ ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

နိုင်ငံတကာက အာရုံစိုက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့နေရာမှာ ဒေသတွင်း နိုင်ငံတွေ အနေနဲ့လည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာစီနာက ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေချိန်အတွင်း ပန်ကြား ပြောဆိုလိုက်တာဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေကြား ညှိနှိုင်းဆောင်ရွက်နေပြီ်း ဒီကိစ္စ ဖြေရှင်းကိုင်တွယ်ရာမှာ ဒေသတွင်း ကမ္ဘောဒီးယားနိုင်ငံရဲ့ အကူအညီလည်း လိုအပ်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုသွားတာပါ။

"ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းနဲ့ ပတ်သက်လို့ ကျမတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ၁ သန်းလောက်ကို ဆက်ပြီး လက်ခံပေးထားပါတယ်။ ဒီအထဲက ၇ သိန်းနီးပါး လောက်ဟာ သိပ်မကြာခင်တုန်းကမှ မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်မှုအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။ ဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ကျမတို့ နှစ်ဘက် စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက် ဆောင်ရွက်နေတာနဲ့အမျှ၊ ဝန်ကြီးချုပ် ဟွန်ဆန် အနေနဲ့လည်း ဒီအကျပ်အတည်းအတွက် အဖြေရှာရာမှာ ဝိုင်းဝန် ကူညီပံ့ပိုးပေးစေချင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး ရည်ရွယ်ချက်နဲ့ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိက်ဟာစီနာက ဒီကနေ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလို တိုက်တွန်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေ အတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေတဲ့ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်အကျပ်အတည်းနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံကလည်း မေ့လျော့မထားသလို၊ ဒီကနေ့ ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ဒီအကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြတဲ့အကြောင်း ပြောဆိုပါတယ်။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စကို ကျနော်တို့ မေ့ မထားပါဘူး။ လူဦးရေ သန်း ၁၆၀ ရှိနှင့်နေပြီးသား ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် တသန်းလောက်ကို လက်ခံပေးထားနိုင်တဲ့ အပေါ်မှာ ကျနော်တို့ ဂုဏ်ယူရပါတယ်။”

ပြီးခဲ့တဲ့သြဂုတ်လကစလို့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ပဋိပက္ခတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်းမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုနေကြတာပါ။ ဒီဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတွေကြား စေ့စပ်ညှိနှိုင်း ဆောင်ရွက်နေပေမဲ့၊ ခုချိန်ထိတော့ တိကျသေချာတဲ့ အစီအစဉ်တွေ မချမှတ်နိုင်ကြသေးပါဘူး။

ကမ္ဘောဒီးယားနိုင်ငံကို သုံးရက်ကြာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာစီနာ ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဒီကနေ့ Peace Palace ငြိမ်းချမ်းရေးခမ်းမဆောင်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး၊ ရိုဟင်ဂျာအရေးအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ နည်းပညာဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ သဘောတူညီချက်တရပ်နဲ့အတူ နားလည်မှုစာချွန်လွှာ ၉ ခု လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကိုလည်း ဝန်ကြီးချုပ် နှစ်ဦး တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်းက ကြီးမှူးပြီး ဒီကနေ့ကျင်းပတဲ့ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကိုလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တက်ရောက်ခဲ့သလို၊ ညနေပိုင်းမှာတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က နိုင်ငံတော်ညစာစားပွဲနဲ့ တည်းခင်းဧည့်ခံမှာပါ။ မနက်ဖြန် အင်္ဂါနေ့မှာတော့ ဝန်ကြီးချုပ် ရှိက်ဟာစီနာ ကမ္ဘောဒီးယားနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG