သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အစီရင်ခံဖို့ မြန်မာကို ကုလတောင်းဆို


ကမ္ဘာလုံးဆိုင်ရာ သဘာတူစာချုပ်ပါ အမျိုးသမီးများအပေါ် နှိမ်ချဆက်ဆံမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ကြီးကြပ် ကွပ်ကဲရတဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေအနေတွေကို စုံစမ်းဖော်ထုတ်ပြီး အထူး အစီရင်ခံစာ တင်သွင်းဖို့ မြန်မာအစိုးရကို မေတ္တာ ရပ်ခံလိုက်ပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ အမျိုးသမီးများအပေါ် နှိမ်ချ ဆက်ဆံမှု ပပျောက်ရေးကော်မီတီ CEDAW က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဂျနီဗာမြို့မှာ ကျင်းပတဲ့ ပုံမှန် စည်းဝေးပွဲကနေ အဲဒီ ဆုံးဖြတ်ချက်ကို ချလိုက်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ၆ လအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။ မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၇ ရက်၊ တနင်္လာနေ့က ပို့လိုက်ပြီ ဖြစ်တာကြောင့် အစီရင်ခံစာကို ၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်နေ့ မတိုင်ခင် တင်သွင်းရမှာ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလမှာ ကော်မီတီက ပထမဆုံး အကြိမ် ကျင်ပခဲ့တဲ့ စည်းဝေးပွဲ နောက်ပိုင်း အခုလို အထူး အစီရင်ခံစာ တင်သွင်းဖို့ တောင်းဆိုတာ ဒါပါနဲ့ဆို ၄ ကြိမ်မြောက်ဘဲ ရှိပါသေးတယ်။

ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ တသီးပုဂ္ဂလ ပညာရှင် ၂၃ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကော်မီတီက - ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင် လတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက် ကျူးလွန်မှုတွေ အပါအဝင် တခြား ကိစ္စရပ်တွေနဲ့ဆိုင်တဲ့ သတင်း အချက်အလက်တွေကို မြန်မာ အစိုးရအနေနဲ့ တင်ပြပေးဖို့ တောင်းဆိုထားပါတယ်။

CEDAW အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စာချုပ်ပါ သဘောတူညီချက်တွေနဲ့ တောင်းဆိုတဲ့ ဒီအစီရင်ခံစာကို မဖြစ်မနေ တင်သွင်းပေးဖို့ တာဝန်ရှိနေပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အဓမ္မ ပြုကျင့်မှုတွေ အပါအဝင် အမျိုးသမီးနဲ့ မိန်းကလေးတွေ ဘယ်နှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်၊ ဒါမှမဟုတ် မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သာမှန် သွေးရိုးသားရိုး မဟုတ်တဲ့နည်းနဲ့ ဘယ်နှစ်ဦး သေဆုံးသွားတယ် ဆိုတဲ့ အချက်အလက်တွေကို တင်ပြပေးဖို့ CEDAW ကော်မီတီက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG