ဇူလိုင်လ ၄ ရက် ဒီကနေ့ ဗုဒ္ဓဟူးနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ဗြိတိန်ထံကနေ လွတ်လပ်ရေး ရယူခဲ့တဲ့ ၂၄၂ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝန်း ပျော်ပွဲရွှင်ပွဲတွေ၊ ချီတက်ပွဲတွေနဲ့ မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး ဆင်နွှဲကြမှာပါ။
အမေရိကန် သမ္မတ Donald Trump နဲ့ သမ္မတ ကတော် Melania တို့လည်း စစ်တပ် မိသားစုဝင်တွေနဲ့ အိမ်ဖြူတော်မှာ ပျော်ပွဲရွှင်ပွဲ ကျင်းပမှာပါ။ အများပြည်သူ အားလပ်ရက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ဝါရှင်တန်မြို့တော် အမျိုးသား မော်ကွန်းတိုက်ရဲ့ လှေကားဆင်းပေါ်မှာ လွတ်လပ်ရေး ကြေညာစာတမ်း ဖတ်ကြားပွဲကိုလည်း အစဉ်အလာမပြတ် ကျင်းပကြပါတယ်။
အမျိုးသား မော်ကွန်းတိုက် အတွင်းမှာတော့ လွတ်လပ်ရေး ကြေညာစာတမ်း မူရင်း၊ အခြေခံ ဥပဒေ၊ Bill of Rights လို့ ခေါ်တဲ့ နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေး ပြဌာန်းချက် တွေကို အများပြည်သူကို ပြသထားပါတယ်။
လွတ်လပ်ရေး ကြေညာစာတမ်း ဖတ်ကြားပွဲ အပြီးလုပ်မယ့် ဝါရှင်တန် ဒီစီမြို့တော်အတွင်း အလှပြ ချီတက်ပွဲကိုလည်း လူထောင်ပေါင်းများစွာ ပါဝင် ချီတက်ကြဖို့ ရှိနေပါတယ်။ အဲဒီနောက် အမေရိကန် လွှတ်တော်ရှေ့မှာလည်း ဂီတဖျော်ဖြေပွဲ ကျင်းပမှာဖြစ်ပြီး ညနေပိုင်း နေဝင်မှောင်စပျိုးချိန်မှာတော့ မီးရှုးမီးပန်းတွေဖောက်ပြီး လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အဆုံးသတ်မှာ ဖြစ်ပါတယ်။