သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမေရိကန် လွတ်လပ်ရေးအနှစ်သာရ အပေါ် မြန်မာနွယ်ဖွါးတွေအမြင်


ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၄၂ နှစ်ပြည့်လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတွေ အခမ်းအနားတွေကို အမေရိကန်တွေ ဆင်နွဲနေကြချိန်မှာ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကရော ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံမှာ နေထိုင်ရတဲ့ လွတ်လပ်ရေးရဲ့ အရသာကို ဘယ်လို အဓိပ္ပါယ်ဖွင့် ခံစားကြပါသလဲ။ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်လိုတဲ့ မြောက်အမေရိက ကိုလိုနီ ၁၃ ခုက တော်လှန်ရေးစစ်ပွဲကို 1775 ခုနှစ်မှာ စတင်ခဲ့ပြီးနောက် 1776 ခုနှစ် July လ ၂ ရက်နေ့မှာ အဲဒီကိုလိုနီ ၁၃ ခုက ကိုယ်စားလှယ်တွေ Philadelphia မြို့မှာစုဝေးကျင်းပတဲ့ Continental Congress ညီလာခံကနေ လွတ်လပ်ရေးရယူဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ၂ ရက်အကြာ July လ ၄ ရက်နေ့မှာတော့ Thomas Jefferson ပြင်ဆင်ရေးဆွဲတဲ့ လွတ်လပ်ရေးနေ့ ကြေညာစာတမ်းကို အတည်ပြုခဲ့ကြပါတယ်။ ဒါကြောင့် ၁၇၇၆ ခုနှစ်ထဲက July လ ၄ ရက်နေ့ကို အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်ပြီး အမေရိကန်တွေ ပျော်ပွဲရွှင်ပွဲတွေ ဆင်နွဲလာခဲ့ကြတာပါ။ ဝါရှင်တန်မြို့တော်မှာဆိုလည်း သီဆိုဖျော်ဖြေပွဲတွေ။ မီးရှူး မီးပန်းဖေါက်ပွဲတွေ ကျင်းပပါတယ်။ ၁၉၄၁ ခုနှစ်ကစလို့ ပြည်ထောင်စုအစိုးရက လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတဲ့အတွက် ဒီနေ့မှာ အမေရိကန် မိသားစုတွေ စုဝေးတွေ့ဆုံကြ ချက်ပြုစားသောက်ကြတာကလည်း အစဉ်အလာတခုလိုဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လူမျိုးပေါင်းစုံ။ ဘာသာပေါင်းစုံ လာရောက် အခြေချနေထိုင်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာလည်း နိုင်ငံသားတိုင်းကို တန်းတူအခွင့်အရေး ခံစားခွင့် ပေးထားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်စေဖို့ လာရောက်အခြေချ နေထိုင်သူတွေရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှုတွေ အများကြီး ပါတယ်လို့ ပြည်သူ့အခွင့်အရေးလှုပ်ရှားသူတွေက အမြဲထောက်ပြကြပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ အမေရိကန်နိုင်ငံသား မြန်မာတွေရဲ့ အမေရိကန်လွတ်လပ်ရေးရဲ့ အနှစ်သာရကို ဘယ်လိုမြင်သလဲ ခံစားသလဲဆိုတာ သိရအောင် အမေရိကန်နိုင်ငံသား မြန်မာတချို့ကို မေးကြည့်ပါတယ်။ အရင်ဆုံး မြန်မာ အမေရိကန် လူမှုရေးအသင်း BACI ရဲ့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ Ro Dinga ရဲ့ လွတ်လပ်မှုအမြင်ကို နားဆင်ကြည့်ပါ။

"လွတ်လပ်ခြင်း၊ လွတ်လပ်မှုနဲ့ တိုးတက်မှု ပျော်ရွှင်မှုဆိုတာ ချိတ်ဆက်ဒွန်တွဲပါနေတယ်ဆိုတာကို ကျနော်တွေ့ရပါတယ်။ အရမ်းဝမ်းသာပါတယ်။ တချို့နေရာတွေမှာ အသားအရောင်ခွဲခြားမှုတို့ ၊ ဘာသာရေးဖိနှိပ်မှုတို့ ရှိချင်ရင်ရှိမယ်၊ ဒါပေမယ့် ဒါကတော့ မပြောပလောက်တဲ့ဟာ လို့ ၊ ဒီအမေရိကန်ပြည်ထောင်စုတခုလုံးနဲ့ ယှဉ်တဲ့အခါမှာတော့ အဲလိုသုံးသပ်တယ်။ ဒီ ၁၉၆၂ အထိလောက်ကတော့ ဒီအမေရိကန်ပြည်ထောင်စုမှာလည်း အသားအရောင်ခွဲခြားမှုတို့ အမျိုးမျိုးရှိခဲ့တယ်။ ဒါပေမယ့် Civil Rights Movement တွေတန်းတူညီမျှအရေး တိုက်ပွဲတွေ ၁၉၆၂ကျော်လာတဲ့အခါကျတော့ အများကြီးဒီမှာ ဖိနှိပ်ချုပ်ချယ်မှု လူတန်းစားခွဲခြားမှု ၊ အသားအရောင်ခွဲခြားမှုတွေ ကျားမခွဲခြားမှုတွေ မရှိဘူးလို့ သုံးသပ်ပါတယ်။ပြီးရင် ဒီမှာဆိုရင်အခု ကျား၊မ၊ လိင် LGBT အဲဒီခွဲခြားမှုကလည်း တဖြေးဖြေးလျော့ပါးလာတယ်လို့ ယူဆပါတယ်။ ကမ္ဘာနဲ့ချီရင်တော့ အမေရိကန်ပြည်ထောင်စုက တကယ့်လွတ်လပ်ရေးအရသာကို ပြည့်ပြည့်၀၀ခံစားနေရတဲ့ တိုင်းပြည် ၊ သူ့ပြည်သူပြည်သားတွေကလည်း လွတ်လပ်ရေးအနှစ်သာရကို အပြည့်အ၀ခံစားရတယ်လို့ မြင်ပါတယ်။"

လွတ်လပ်မှုကို တန်းတူခံစားနိုင်ခွင့်ရှိတာကြောင့် တယောက်နဲ့တယောက် အပြန်အလှန်လေးစားမှုအပေါ် ပိုပြီးအလေးထားကြတယ်လို့ မြင်သူကတော့ Missouri ပြည်နယ် Columbia မြို့မှာနေထိုင်တဲ့ မဝေပါ။

"လွတ်လပ်မှုအရသာဆိုတာကတော့ လူတဦးချင်းရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ဖြစ်တဲ့ သူတပါးကို ထိခိုက်နစ်နာမှုမရှိစေပဲနဲ့ လွတ်လပ်စွာပြောဆိုခွင့် တွေးခေါ်ခွင့် ရေးသားခွင့် ကိုးကွယ်ခွင့်တွေကို စိုးရိမ်ပူပန်ထိတ်လန့်ကြောက်နေစရာမလိုပဲနဲ့ လုပ်ဆောင်နိုင်တာဖြစ်တယ်လို့ ယူဆတယ်။ အဲလိုအခွင့်အရေးတွေကိုလည်း လူတယောက်တည်းအတွက်မဟုတ်ပဲနဲ့ အများပြည်သူအားလုံးတန်းတူအခွင့်အရေးအနေနဲ့ ရနေကြတဲ့ဟာ လွတ်လပ်မှုအရသာစစ်စစ်ဖြစ်တယ်လို့လဲ မြင်တယ်။ အခု အမေရိကန်နိုင်ငံသားအနေနဲ့ ခံယူလိုက်တဲ့သူတယောက်အနေနဲ့ ဥပဒေဘောင်အတွင်းမှာ နေထိုင်နေမယ် စည်းကမ်းလိုက်နာမှုရှိနေမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ လုံခြုံမှုရှိတယ်၊ ဥပဒေက ကိုယ့်ကိုကာကွယ်နေတဲ့ စိတ်က အပြည့်အ၀ယုံကြည်မှု ရှိနေပြီးတော့ စိတ်ထဲမှာ လွတ်လပ်တယ် ပေါ့ပါးတယ်၊ ကိုယ်နေနေတဲ့ မြို့လေးမှာဆိုရင် လူတွေက တယောက်နဲ့တယောက် အပြန်အလှန်လေးစားမှုရှိတယ် ခွဲခြားမှုအရမ်းနည်းပါးတယ် အဲလိုမျိုးဆိုတော့ ၊ ကိုယ်က မြို့သူမြို့သားတွေအားလုံးနီးပါးနီးတူ လွတ်လပ်မှုအရသာကို အပြည့်အ၀ ခံစားနေပါတယ်။"

Maryland ပြည်နယ် Glen Burnie မြို့မှာ နေထိုင်တဲ့ ကို M. Tu Aung ကလည်း ပတ်ဝန်းကျင်အသိုင်းအဝိုင်း။ အစိုးရအထိ ကိုယ်ဖြစ်စေချင်သလို ပြောပိုင်ခွင့် လုပ်ပိုင်ခွင့်ရှိတဲ့ လွတ်လပ်မှုကို ခံစားရတယ်လို့ ပြောပါတယ်။

"အမေရိကန်ပြည်ထောင်စုမှာနေတဲ့ လူသားတယောက်အနေနဲ့ လွတ်လပ်ခွင့်အနေနဲ့ ပြောမယ်ဆိုရင် ဒီမှာကတော့ ကိုယ်ဖြစ်ချင်တဲ့အရာတခုပေါ့နော် ကိုယ်ပြောချင်တဲ့အရာတခု၊ ကိုယ့်ခံစားချက်၊ ပျော်ရွှင်မှုပဲဖြစ်ဖြစ် ကိုယ့်ဘ၀တိုးတက်မှုပဲဖြစ်ဖြစ် ကိုယ့်ဟာနဲ့ကို ကြိုးစားပြီးတော့ လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ရှိတယ်။ အစိုးရတွေနဲ့ဆိုင်တဲ့ နိုင်ငံနဲ့ ဆိုင်တဲ့ State တွေနဲ့ ဆိုင်တဲ့အရာကိုပြောချင်တယ်ဆိုရင် ကိုယ့်ရင်ထဲမှာရှိတဲ့ဟာတွေကို ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ ဒီနိုင်ငံမှာက နောက်တခုက လွတ်လပ်ခွင့်ဆိုပေမယ့် ကျနော်တို့က စည်းနဲ့ကမ်းနဲ့ နေတဲ့လွတ်လပ်ခွင့်မျိုးပါလို့ ၊ လက်လွတ်စပယ်လွတ်လပ်တာမဟုတ်ပဲနဲ့ စည်းနဲ့ကမ်းနဲ့ စနစ်တကျလွတ်လပ်တာလို့ ကျနော့်အနေနဲ့ ခံစားရပါတယ်။ ကိုယ့်ရဲ့ ဘ၀ရှေ့ရေးတိုးတက်ဖို့ပဲဖြစ်ဖြစ် ကိုယ်နဲ့ သက်ဆိုက်တဲ့ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းတွေ အစိုးရတရပ်တိုးတက်ကောင်းမွန်ဖို့ဆိုရင် ကိုယ့်အနေနဲ့ ကိုယ့်စိတ်ထဲမှာရှိတာ၊ ဖြစ်ချင်တာတွေကို ပြောလို့ရတယ် လုပ်လို့ရတယ် အဲဒီအတွက်ကြောင့်မို့ ကိုယ်ကြိုးစားရင်လည်း ကြိုးစားသလောက်အောင်မြင်မှုရတယ်လို့ တွေ့ရပါတယ်။"

၂၀၁၈ ခုနှစ်မှာကျရောက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ 242 နှစ်ပြည့် လွတ်လပ်ရေးနေ့ကို အမေရိကန်ပြည်သူ သန်းနဲ့ချီ ဆင်နွဲကြချိန်မှာ လွတ်လပ်ရေးနေ့ အခမ်းအနားတွေ လုံခြုံမှုရှိရေးအတွက် တရားဥပဒေစိုးမိုးရေးဆောင်ရွက်သူတွေကလည်း လုံခြုံရေးအစီအစဉ်တွေကို ကြပ်မတ်ဆောင်ရွက်နေကြပါတယ်။ Cleveland မြို့မှာကျင်းပမယ့် July လ ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဗုံးခွဲဖို့ စီစဉ်နေတယ်ဆိုသူ တယောက်ကို အခုရက်ပိုင်းကပဲ Ohio ပြည်နယ်ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန်မှာမွေးဖွားသူ အမေရိကန်နိုင်ငံသား Demetrius Pitts ဆိုသူက သူဟာ al-Qaida စစ်သွေးကြွအဖွဲ့ကို သစ္စာခံထားသူဖြစ်ပြီး Cleveland နဲ့ Philadelphia မြို့တွေမှာ တိုက်ခိုက်ဖောက်ခွဲဖို့ စီစဉ်ခဲ့တယ်လို့ ပြောကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG