သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကမှာ ဒေါ်လာသန်းပေါင်း သောင်းချီ အမေရိကန် ရင်းနှီးမြှုပ်နှံ


(Zawgyi/ Unicode)

အမေရိကန် အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဌာနကြီးတွေက ပုဂ္ဂလိက ရှေ့ဆောင် ရင်းနှီးမြှုပ်နှံမှုတွေကနေ တဆင့် အာဖရိကရဲ့ စီးပွားရေး နယ်ပယ်မှာ ဒေါ်လာ သန်းပေါင်း သောင်းနဲ့ချီပြီး ထည့်ဝင်ပေးနေပါတယ်။ ဒါဟာဆိုရင် အရင်က ဖွံ့ဖြိုးရေး အထောက်အကူ ပုံစံကနေ သိသိသာသာကြီး ကွဲလွဲလာတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကနေ အပြောင်းအလဲ ဖော်ဆောင်နိုင်မလားဆိုတာကိုတော့ Johannesburg မြို့ကနေ ဗွီအိုအေ သတင်းထောက် Anita Powell က သတင်းပေးပို့ထားပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

အာဖရိက အတွက် အမေရိကန်ရဲ့ ပိုင်းဖြတ်ချက်က ဘယ်လောက် ကြီးမားပါသလဲ။ ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တဲ့ Prosper Africa Initiative ရဲ့ လုပ်ငန်းဖော်ဆောင်မှု ဆိုင်ရာ အကြီးအကဲ Victoria Whitney ကတော့ တွက်ကြည့်ကြရအောင်လို့ ပြောပါတယ်။ အမေရိကန် အစိုးရ ဌာန ၁၇ ခု ပူးပေါင်း ပါဝင် အလုပ်လုပ်နေတဲ့ Prosper Africa Initiative ကနေ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အဓိကထားတဲ့ သဘောတူညီချက်တွေနဲ့ အာဖရိက နိုင်ငံ ၃၀ ကျော်မှာ ဒေါ်လာ ၂၂ ဘီလျံကျော် တန်ဖိုးရှိတဲ့ သဘောတူညီချက်တွေ လုပ်ခဲ့တယ်လို့ သူမက ပြောပါတယ်။

အာဖရိက စွန့်ဦးတီထွင်မှု အပိုင်းမှာ မတည်ပေးဖို့ အမေရိကန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်ဖို့ ရည်ရွယ်ပြီး အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာဘဲ စီမံချက် အသစ်တွေကို Victoria Whitney ကြေညာခဲ့ပါတယ်။

“ အာဖရိကတိုက် တဝန်း အစီအစဉ်သစ်မှာတော့ Prosper Africa Initiative ရဲ့ တကယ့် မူဝါဒရဲ့ အရင်းခံ ဖြစ်တဲ့ စီးပွားရေး လုပ်ငန်းသစ် အကြံညဏ်၊ အကူးအပြောင်း လွယ်ကူချောမွေ့စေရေး၊ မူဝါဒရေးရာ ကြားဝင်ဆောင်ရွက်မှု စတဲ့ ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှာပါ။ ဒါ့အပြင် လာမယ့် ၂၀၂၆ ခုနှစ် အရောက်မှာ အလုပ်အကိုင်ပေါင်း သိန်းချီ ဖန်တီးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန် တင်ပို့မှု အပိုင်းတွေ အတွက် ဒေါ်လာ သန်း ထောင်နဲ့ချီ ပေးမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီ အစီအစဉ်သစ်ဟာ တကယ် ထူးခြားတယ်လို့ ကျမက ယူဆပါတယ်။”

အာဖရိကတိုက်မှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှှုံတွေ ရောက်လာဖို့ ရည်ရွယ်ဆောင်ရွက်တဲ့ အမေရိကန် အစိုးရရဲ့ ရှေ့ဆောင် လုပ်ငန်းတွေထဲမှာ အခု Prosper Africa လည်း တခု အပါအဝင် ဖြစ်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေး ဖွံ့ဖြိုးမှု ဆိုင်ရာ ကော်ပိုးရေးရှင်း DFC ဟာဆိုရင် အမေရိကန် အစိုးရရဲ့ ဘဏ္ဍာရေး ဖွံ့ဖြိုးမှုဆိုင်ရာ ဌာန တခုဖြစ်ပါတယ်။ DFC ဟာဆိုရင် ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ်ရှိ နိုင်ငံများမှာ ပုဂ္ဂလိက ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ငွေကြေးထောက်ပံ့မှု လုပ်နေတာပါ။

၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ စတင်ခဲ့စဉ်ကစလို့ အခုအချိန်ထိ ဆိုရင် အာဖရိကတိုက်တွင်း စီမံကိန်း ၃၀၀ မှာ အမေရိကန် ဒေါ်လာ သန်း ၈,၀၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ပါတယ်။ ဒေါ်လာ သန်း ၁၀,၀၀၀ တန်ဖိုးရှိတဲ့ သဘောတူညီချက်တွေ ဆောင်ရွက်နေတဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ ဌာန USAID နဲ့ အတူ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ Prosper Africa ရှေ့ဆောင်ရဲ့ လုပ်ငန်းအကောင်အထည်ဖော်မှု ဆိုင်ရာ အကြီးအကဲ Victoria Whitney က အခုလို ဆက်ပြောပါတယ်။

“ နိုင်ငံတကာ ဘဏ္ဍာရေး ဖွံ့ဖြိုးမှု ဆိုင်ရာ ကော်ပိုးရေးရှင်း DFC ရဲ့ အမှုဆောင် အရာရှိချုပ်လည်း ဖြစ်၊ Prosper Africa ရဲ့ အမှုဆောင် အကြီးအကဲလည်း ဖြစ်တဲ့ Adam Boehler က ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ ရှိပါတယ်။ အမေရိကန် အနေနဲ့ နိုင်ငံ ပြင်ပမှာ အခြေခံအဆောက်အဦ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမျိုး မရှိတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလို့ သူက ပြောပါတယ်။ ဒါပေမယ့်လည်း BUILD အက်ဥပဒေ၊ Prosper Afirca တို့ကြောင့် အခုတော့ ရှိပြီလို့ ပြောလို့ ရနေပါပြီ။ အခုမှ စတယ်ဆိုပေမယ့်လည်း အကောင်းဆုံး အချိန်ပါ။ သူပြောသလိုပါဘဲ ကျမတို့ဆီက နောက်ထပ် အများကြီး အများကြီး တွေ့ရဦးမှာပါ။ ”

Martyn Davies ကတော့ Deloitte ရဲ့ emerging markets and Africa ဆိုင်ရာ Managing Director ဖြစ်ပါတယ်။ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ ထံကနေ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတာကို သတိထားမိကြောင်း၊ ဒါကလည်း ကြောင်းကျိုး ဆီးလျော်မှု ရှိပါတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ အခြေခံ အဆောက်အဦပိုင်းနဲ့ အခြေခံ အဆောက်အဦ ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို အရင်ကတည်းက အင်မတန် စိတ်ဝင်စားမှု ရှိတယ်လို့ ကျနော် ယူဆပါတယ်။ ဒါပေမယ့်လည်း ပြည်သူ့ရေးရာ ကဏ္ဍမှာ ကြိုးနီ စနစ်တွေကို ဖြတ်သန်းရမယ့် အခြေအနေကြောင့် စိတ်ဝင်စားမှု လျော့သွားတယ်လို့ ထင်ပါတယ်။ အခြေခံ အဆောက်အဦးပိုင်းဆိုင်ရာ စွန့်စားမှုမျိုးလို့ ယူဆပေမယ့်လည်း ရှေ့လျှောက် အမေရိကန် နိုင်ငံတကာ လုပ်ငန်းကြီးတွေ အနေနဲ့ အာဖရိက တိုက်မှာ အထူးသဖြင့်တော့ ကုန်အမှတ်တံဆိပ်ကို အသိအမှတ်ပြုခံရမှုမျိုး၊ နှစ်သက် လက်ခံမှုမျိုးနဲ့ ထူးထူးခြားခြား ဆက်လက် ရပ်တည်သွားမယ်လို့ ကျနော် ယူဆပါတယ်။ ”

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လောက က နက်နဲ ရှုပ်ထွေးတယ်ဆိုတာကို Prosper Africa ရှေ့ဆောင်ရဲ့ လုပ်ငန်းဖော်ဆောင်မှု ဆိုင်ရာ အကြီးအကဲ Victoria Whitney က အသိအမှတ်ပြုပါတယ်။ ဆိုတော့ ဒီ အစီအစဉ်တွေက လက်တွေ့ ဘယ်လို အကောင်အထည်ဖော်လဲ ဆိုတဲ့ ဥပမာ အဖြစ်နဲ့ ဂါနာနိုင်ငံက စွန့်ထွင် လုပ်ငန်းရှင် တဦး အတွက် ဆောင်ရွက်ပေးခဲ့မှုကို သူက ပြောပြပါတယ်။

“ Eugenia Akueta က ပထမဆုံး အနေနဲ့တော့ Shea အလှကုန် ကုမ္ပဏီကို စပြီး လုပ်ခဲ့တာပါ။ နောက်တော့ USAID ကနေ နည်းပညာအကူအညီ နောက် ဈေးကွက်ဆိုင်ရာ အချက်အလက်တွေ ဝယ်လက်တွေနဲ့ ချိတ်ဆက်ဖို့ အကူအညီ တောင်းခဲ့ပါတယ်။ ဒါ့အပြင် USADF ထံကနေလည်း အရင်းအနှီးရော နည်းပညာ ထောက်ပံ့မှုရော ရခဲ့ပါတယ်။ ဒီ ဌာနကြီး နှစ်ခုလုံးက Prosper Africa နဲ့ အဓိက ပူးပေါင်း အလုပ်လုပ်သူတွေ ဖြစ်ပါတယ်။ နောက် သူက USAID က ထောက်ပံ့တဲ့ သင်တန်းတွေ ဆွေးနွေးပွဲတွေ အများကြီး တက်ရောက်ခဲ့ပါတယ်။ ”

ဒီကနေ့ အချိန်မှာတော့ အာဖရိကတိုက် ဂါနာနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းရှင် Akuete ရဲ့ ထုတ်ကုန်တွေဟာ အမေရိကန် ပြည်ထောင်စုက Target စတိုင်းဆိုင် ၁၀၀၀ ကျော်မှာ ဝယ်ယူ ရရှိနိုင်ပြီး ဖြစ်ပါတယ်။ အလားတူပါဘဲ အာဖရိက တိုက်က Shea စေ့ ကောက်သူ ၁၀,၀၀၀ ကျော် အလုပ်အကိုင် ရရှိစေတယ်လို့လည်း Prosper Africa ရှေ့ဆောင်ရဲ့ လုပ်ငန်းဖော်ဆောင်မှု ဆိုင်ရာ အကြီးအကဲ Victoria Whitney က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)













XS
SM
MD
LG