သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့လေ့လာ


 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က အမေရိကန်စီးပွားရေးရင်းနှီးမြုပ်နှံမှုဟာ အခြားလုပ်ငန်းတွေ အတွက်လည်း စံနမူနာဖြစ်စေရမယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က အမေရိကန်စီးပွားရေးရင်းနှီးမြုပ်နှံမှုဟာ အခြားလုပ်ငန်းတွေ အတွက်လည်း စံနမူနာဖြစ်စေရမယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံထဲမှာ နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုအတွက် သာမက မြန်မာလူထုဖွံဖြိုး တိုးတက်ရေးအတွက် ကူညီဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းတွေရှိတယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီနိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာပြည်သူလူထု အတွက် တကယ်ပဲ အကျိုးဖြစ်ထွန်း နိုင်ပါ့မလားလို့ မေးခွန်းထုတ်မှုတွေလည်းရှိပါတယ်။ ကိုသားညွန့်ဦးက ဒီအကြောင်းကို တင်ပြမှာပါရှင်။

အမေရိကန်စီးပွားရေးလုပ်ငန်း(၂၀)ပါဝင်တဲ့ အမေရိကန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာ အခုပြီးခဲ့တဲ့ လက မြန်မာနိုင်ငံထဲမှာ သုံးရက်ကြာခရီးစဉ်အတွင်း မြန်မာဝန်ကြီးဌာနတွေက တာဝန်ရှိ သူတွေနဲ့တွေ့ဆုံပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီအဖွဲ့ကိုတော့ အမေရိကန် ကုန်သည်ကြီးများအသင်းက ဦးဆောင်တာပါ။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့သြဂုတ်လ၁၅ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို စင်ကာပူနိုင်ငံမှာ လုပ်တော့၊ သူတို့အနေနဲ့ကတော့ မြန်မာနိုင်ငံထဲမှာ အခွင့်အလမ်း ကောင်းတွေ တွေ့ခဲ့ရတယ်လို့ အမေရိကန်ကုန်သည်ကြီးများအသင်းဥက္ကဌ Simon Kahn ကပြောပါတယ်။

“စက်မှုလုပ်ငန်းတော်တော် များများမှာတော့ အမေရိကန်စီးပွားရေးကုမ္ပဏီတွေအတွက်သာ မကဘူး၊ ပိုပြီး အရေးကြီးတာက မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက်ကိုပါ အထောက်အကူဖြစ်စေဖို့ အခွင့်အလမ်းကောင်း ကြီးကြီးမားမားတွေကို တွေ့ရပါတယ်။”

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ဖက်က စီးပွားရေးဒဏ်ခတ်မှုအချို့ကို ဖြေလျှော့ပေး လိုက်တဲ့နောက်၊ အမေရိကန်စီးပွားရေးလုပ်ငန်း အတော်များများ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ စိတ်ဝင်စားနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အခုလိုမျိုး ဖြေလျော့လိုက် ပေမယ့်၊ ထူးထူးခြားခြားစည်းမျဉ်းအချို့ကိုတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ကန့်သတ်ထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်ကတော့ အမေရိကန် စီးပွားရေးရင်းနှီးမြုပ်နှံမှုဟာ အခြားလုပ်ငန်းတွေအတွက်လည်း စံနမူနာဖြစ်စေရမယ် လို့ဆိုပါတယ်။

“သမ္မတအိုဘားမားပြောသွားသလိုပါပဲ ၊မြန်မာနိုင်ငံစီးပွားရေးမှာပါဝင်လာမယ့် အမေရိကန်စီးပွားရေး လုပ်ငန်းတွေဟာ တာဝန်သိမှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုစီးပွားရေးလုပ်ငန်းတွေအဖြစ် စံနမူနာပြနိုင် လိမ့်မယ် လို့ ယုံကြည်ပါတယ်။ မြန်မာပြည်သူတွေရဲ့ နေထိုင်မှုဘဝတွေနဲ့ စီးပွားရေးဖွံဖြိုးမှုကိုလည်း အထောက် အကူ ဖြစ်စေမယ်၊ နောက်ထပ်ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ လည်း အကူအညီ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။”

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အထွေထွေလုပ်ပိုင်ခွင့်လိုင်စင်မှာတော့မြန်မာနိုင်ငံထဲက အမေရိကန်စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ အသေးစိတ် အစီရင်ခံစာ တင်ပြရမယ်ဆိုတဲ့ အချက်ကို လည်း ထည့်သွင်းထားပါတယ်။ ဒါဟာ ရင်းနှီးမြုပ်နှံမှုအပေါ်မှာ အကန့်အသတ် သဘောမျိုးတော့ ဆောင်ပါ တယ်။ ဒါပေမယ့်လည်း ဒီလိုကန့်သတ်ထားပေမယ့် အဲဒီစည်းမျဉ်းမှာ ကိုက အားနည်းချက် တွေရှိနေဆဲဖြစ်တယ် လို့ အမေရိကန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ USCB ရဲ့ အမှုဆောင်ညွန်ကြားရေးမှုး ကိုအောင်ဒင်က ပြောပါတယ်။

"ကော်မတီက အမေရိကန်အစိုးရကို သူတို့ဘယ်လို ရင်းနှီးမြှုပ်နှံမယ် နောက်တခါ သူတို့ရဲ့ အလုပ်သမားဆိုင်ရာ အခွင့်အရေး ပါတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ စသဖြင့်ပေါ့နော်။ အဲဒီဟာတွေနဲ့ ပါတ်သက်လို့သူတို့ရဲ့ပေါ်လစီတွေကဘာတွေရှိသလဲ၊ နောက်တခါ မြေဝယ်မယ် ဆိုလို့ရှိရင် မြေဝယ်တဲ့ အပေါ်မှာ ဘယ်ကဝယ်သလဲ၊ ဘယ်လိုသက်ဆိုင်ရာ မြေပိုင်ရှင်တွေကို ဘယ်လို လျော်ကြေးပေးသလဲ စတာတွေကို ထုတ်ပြန်ကြေညာရမယ်လို့ ပြောတယ်။ သတင်းပို့ရမယ်လို့ ပြောတယ်။ ဒါပေမယ့် အဲ့ဒီမှာ ရုတ်တရက်ကြည့်ရင် ကောင်းသလို ထင်ရတယ်ပေါ့နော်။ ဒီကုမ္မဏီတွေက လွတ်လွတ် လပ်လပ် လုပ်ခွင့်မရဘူး။ ဒါပေမယ့်သူတို့ ဒီလိုမျိုး အမေရိကန်အစိုးရကို အမေရိကန်ပြည်သူတွေက သူတို့ ဘယ်လိုမျိုး ရင်းနှီးမြှုတ်နှံတယ် ဆိုတာကို အတိအကျပြန်လည် အစီရင်ခံရမယ်။ သို့သော် အဲဒီမှာ အားနည်းချက်က ဘာလည်းဆိုတော့ အဲ့ဒီလိုအစီရင်မခံခဲ့လို့ ရှိရင် ဘာလုပ်မလဲ ဘယ်လိုအရေးယူမလဲဆိုတဲ့ ကန့်သတ်ချက် မပါဘူး။ ဆိုတဲ့အခါကြတော့၊ ခုနကဘယ်လောက်ပဲ သတင်းပို့ရမယ်လို့ပဲပြောပြော အမေရိကန် ကုမ္မဏီတခုက သတင်းမပို့ပဲနေလို့လည်းရတယ်။ အဲ့လိုသတင်းမပို့တဲ့အတွက်ကြောင့်လည်း အဲဒီအမေရိကန်ကုမ္မဏီကို ဘာနဲ့မှ အရေးယူလို့မရဘူး။ ဆိုတော့ဒီလိုမျိုးပေါ့ဗျာ"

တဖက်မှာလည်း အခုလိုမြန်မာအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေ လျှော့ပေးလာတာဟာ လူထုအတွက်မဟုတ်ဘဲနဲ့၊ အရင်စစ်အစိုးရနဲ့နီးစပ်ခဲ့တဲ့ မြန်မာလုပ်ငန်းရှင်ကြီးတွေအတွက်ပဲ အကျိုးဖြစ်စေမလား ဆိုတဲ့ ပူပင်မှုတွေလည်းရှိပါတယ်။ မြန်မာနိုင်ငံထဲမှာက လုပ်ငန်းအများစုကို သူတို့ကပဲချုပ်ကိုင်ထားတာမို့ပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းရှင်တွေ ကိုယ်တိုင်က အပြောင်းအလဲကိုပိုပြီးတော့ လိုလားသူတွေလည်းရှိပါတယ်လို့ မြန်မာ့စီးပွားရေးအခြေအနေကို လေ့လာနေတဲ့ သြစတေးလျနိုင်ငံ မက်ကွက်ယားတက္ကသိုလ်က ပါမောက္ခရှောင်တာနယ်ကပြောပါတယ်။

မြန်မာ့စီးပွားရေးပညာရှင်ဦးဇော်ဦးကတော့မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်မယ် ဆိုရင်တော့ အရင်လိုမဟုတ်ဘဲ ကိုယ်ရဲ့အကျိုးစီးပွားအတွက် ပြင်ဆင်စဉ်းစားစရာတွေရှိတယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် ရင်းနှီးမြုပ်နှံမှုမျိုး သေချာစေချင်တယ်လို့ သူက ဆိုပါတယ်။

"မက်လုံးပေးတဲ့အခါမှာ ရေရှည်တည်တံ့ပြီးတော့ပိုမိုကောင်းမွန်တဲ့ ရင်းနှီးမြှုတ်နှံမှုတွေကို လာနိုင်မဲ့စိတ်ချရတဲ့ ရင်းနှီးမြှုတ်နှံမှုဝန်းကျင်တခုကို ကျနော်တို့ ဒီဥပဒေက အခိုင်အမာ ကာကွယ်ပေးထားမယ်ဆိုတဲ့ ကိစ္စကလည်း အခုအနေအထားမှာ ကျနော်တို့ဗမာနိုင်ငံအတွက် အရေးကြီးလာတယ်။ အရင်အခြေအနေနဲ့ မတူတာက ကျနော်တို့နိုင်ငံကို ဝင်မယ့်သူ လာချင်တဲ့သူတွေ လုပ်ချင်တဲ့သူတွေက အရမ်းများလာတယ်"

အမေရိကန်သံအမတ်ကြီးဒဲရစ်မစ်ချဲလ်ကတော့ အခုအမေရိကန်ပြည်ထောင်စုအနေနဲ့ အခုမြန်မာနိုင်ငံ လွှတ်တော်မှာ ဆွေးနွေးနေကြတဲ့ ရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားမှုရှိတယ်လို့ ပြောပါတယ်။

“ကျနော်ပြောခဲ့သလိုပါပဲ ရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ ပတ်သက်လို့ ကျနော်တို့အတွင်းကျကျ မသိနိုင်ခဲ့ပါဘူး။ ဒါဟာကျနော်တို့အတွက်ရော အခြားစီးပွားရေးလုပ်ငန်းတွေအတွက်ပါ စိုးရိမ်မကင်းဖြစ်နေတဲ့ အခြေအနေပါ။ ဒါပေမယ့်လည်း ဒီဥပဒေမူကြမ်းလုပ်နေတယ် ဆိုတာသိရပြီး၊ အဲဒီအပေါ်မှာ ကျနော်တို့အကြံပြု မှတ်ချက်ပေးခဲ့တာတွေ ဆွေးနွေးပြောဆိုတာတွေတော့ လုပ်ခဲ့ပါတယ်။”

မြန်မာနိုင်ငံထဲက ရင်းနှီးမြှုတ်နှံမှုဥပဒေနဲ့ ပါတ်သက်လို့တော့ မြန်မာနိုင်ငံ လွှတ်တော်အတွင်းမှာ ဒီသတင်းပါတ် အတွင်း ဆွေးနွေးဖို့ ရှိပြီးတော့၊ ဒီလကုန်ပိုင်းမှာ သမ္မတက လက်မှတ်ထိုး အတည်ပြုနိုင် ဖွယ်ရှိတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။ အမေရိကန် ကုမ္မဏီအချို့ အနေနဲ့ ဒီလက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုတ်နှံလုပ်ကိုင်ကြဖို့ ပြင်ဆင်နေကြပြီးဖြစ်ပေမဲ့ အခုရင်းနှီးမြှုတ်နှံမှု ဥပဒေ ထွက်လာဖို့ ကိုလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်လို့ ဆိုရမှာပါ ခင်ဗျာ။
XS
SM
MD
LG