သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ကန် စီးပွါးရေးပိတ်ဆို့မှု ထပ်မံချမှတ်


အီရန်ဟာ လူသတ်သမားအာဏာရှင်ဖြစ်ပြီး သွေးထွက်သံယိုမှုတွေ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်ဖြစ်မှုတွေ ဖြစ်အောင် ဆက်လုပ်နေတယ်လို့ အမေရိကန်သမ္မတ Donald Trump က တိုက်ခိုက်ပြောဆိုရင်း၊ အီရန်အပေါ်မှာ စီးပွါးရေးအရ အရေးယူ ဒဏ်ခတ်မှုတွေ ပြန်လည် ချမှတ်လိုက်ပါတယ်။ ဒီဒဏ်ခတ်မှုဟာ တနင်္လာနေ့ ည သန်းကောင်ယံမှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီယားလက်နက် အစီအစဉ်တွေကို ကန့်သတ်ဖို့ ၂၀၁၅ မှာ ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာ သဘောတူညီချက်ကနေ အမေရိကန် ပြည်ထောင်စု နှုတ်ထွက်ပြီး ၃ လအကြာမှာ သမ္မတ Trump က အခုလို အရေးယူခဲ့တာ ဖြစ်ပါတယ်။ အခုချမှတ်လိုက်တဲ့ အရေးယူမှု အသစ်ဟာ အီရန်ရဲ့ မော်တော်ကားလုပ်ငန်း၊ အီရန်ရဲ့ ရွှေနဲ့ တခြားအဖိုးတန်သတ္တုကုန်သွယ်မှု အပြင် အီရန် rial ငွေကြေးနဲ့ တခြား ငွေကြေား လွှဲပြောင်းမှုတွေအတွက် ပစ်မှတ်ထားချမှတ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၅ ရက်မှာတော့ အီရန်ရဲ့ စွမ်းအင်ကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကို အရေးယူဒဏ်ခတ်မှာ ဖြစ်သလို အီရန် ဗဟိုဘဏ်နဲ့ ဆက်နွယ်တဲ့ နိုင်ငံရပ်ခြား ငွေကြေးဌာနတွေရဲ့ စီးပွါးရေးလုပ်ငန်းတွေပါ ဒဏ်ခတ်မယ့်အထဲ ပါဝင်ကြောင်း သမ္မတက ပြောပါတယ်။

အီရန်ဟာ နိုင်ငံတကာ ငွေးကြေးစံနစ်ကို အားပျော့အောင်လုပ်နေသလို အကြမ်းဖက်ဝါဒစွဲနဲ့ ကမ္ဘာတလွှားက စစ်သွေးကြွတွေကို ပံ့ပိုးပေးနေပြီး အမေရိကန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်နေတယ်လို့လည်းသမ္မတ Trump ကပြောပါတယ်။

အီရန်သမ္မတ Hassan Rouhani ကတော့ နိုင်ငံတကာ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့တဲ့ အတွက် အမေရိကန်နိုင်ငံဟာ မယုံကြည်ထိုက်ကြောင်း၊ ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ တခြားနိုင်ငံတွေကတော့ ခုထိထောက်ခံမှု ပေးနေဆဲဖြစ်ကြောင်း ပြောခဲ့သလို အီရန်အနေနဲ့ ပြဿနာကို သံတမန်နည်းလမ်းနဲ့ပဲ အမြဲဖြေရှင်းရမယ်လို့ ယုံကြည်ကြောင်း နိုင်ငံကို ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG