သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် လက်တုံ့ပြန်တိုက်မယ့် အစီအစဉ် သမ္မတ Trump ပြန်ရုပ်


အမေရိကန်သမ္မတ Donald Trump (ဇွန်၊ ၂၀၊ ၂၀၁၉)
အမေရိကန်သမ္မတ Donald Trump (ဇွန်၊ ၂၀၊ ၂၀၁၉)

အီရန်အပေါ် တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ Donald Trump က ကြာသပတေးနေ့မှာ ခွင့်ပြုချက် ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒီခွင့်ပြုချက်ကို ပြန်ရုပ်ခဲ့တယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေး တာဝန်ရှိသူတွေဘက်က တစုံတရာပြောဖို့ ငြင်းဆန်နေကြပါတယ်။

အီရန်နိုင်ငံထဲက ရေဒါတွေနဲ့ ဒုံးပစ်စင်တွေလို ပစ်မှတ်တချို့ကို တိုက်ခိုက်ဖို့ သမ္မတ Trump က အစက အမိန့်ပေးခဲ့တယ်လို့ New York Times သတင်းစာကြီးက စတင်သတင်းထုတ်ပြန်ခဲ့တာပါ။

အမေရိကန်ထောက်လှမ်းရေး အဝေးထိန်း Drone ယာဉ်ကို အီရန်ပစ်ချခဲ့တဲ့အပေါ် လက်တုံ့တိုက်ခိုက်ဖို့ သမ္မတခွင့်ပြုချက် ပေးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေကို Washington Post သတင်းစာကြီးနဲ့ တခြားသတင်းမီဒီယာတွေကလည်း ထုတ်ပြန်ခဲ့ပါတယ်။

တချိန်ထဲမှာပဲ အီရန်အပေါ် တိုက်ခိုက်မယ်ဆိုတဲ့ သမ္မတ Trump ရဲ့သတိပေးချက်ကို Oman နိုင်ငံကတဆင့် ကြာသပတေးညက ရရှိခဲ့ကြောင်း အီရန်အစိုးရက Reuters သတင်းကို ပြောကြားခဲ့တယ်လို့ Reuters သတင်းဌာနက ပြောပါတယ်။

တကယ်လို့ အမေရိကန်က စစ်ရေးနဲ့တိုက်ခိုက်မယ်ဆိုရင် ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်ဆိုတဲ့ တုံ့ပြန်ချက်တွေကို Tehran မှာရှိတဲ့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေး Drone ကို အီရန်ပစ်ချခဲ့တဲ့ ဒေသမှာရှိတဲ့ Persian ပင်လယ်ကွေ့နဲ့ Oman ပင်လယ်ကွေ့တွေ ရှိရာပေါ်က အမေရိကန် လေယာဉ်တွေ မပျံသန်းရလို့ တားမြစ်တဲ့ အရေးပေါ်အမိန့်ကို ပြည်ထောင်စု လေကြောင်းပျံသန်းရေးဆိုင်ရာ တာဝန်ရှိသူတွေ ကြာသပတေးနေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

Hormuz ရေလက်ကြားပေါ်က နိုင်ငံတကာ လေကြောင်း ပိုင်နက်ထဲ ပျံသန်းနေစဉ် အီရန်ဖက်က ထောက်လှမ်းရေး Drone ကိုပစ်ချခဲ့တာလို့ အမေရိကန်ဘက် ပြောခဲ့သလို သိပ်ကို မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ Trump က ဖော်ပြပြောဆိုထားပါတယ်။

အမေရိကန် Drone ယာဉ်ကလို့ဆိုတဲ့ အစိတ်အပိုင်းတချို့ကို အီရန်ဘက်က ဒီကနေ့ ပြသပြီး အီရန်လေကြောင်းပိုင်နက်ထဲကို ဝင်လာခဲ့တာ သက်သေဖြစ်တယ်လို့ အီရန် Revolutionary Guards အထူးတပ်ဖွဲ့ လေကြောင်းဆိုင်ရာ ဌာနအကြီးအကဲက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG