သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေးနဲ့ အလုပ်သမားဈေးကွက်


အလုပ်အကိုင်ရရေး ကြိုးပမ်းရတဲ့ နေရာမှာ အထူးသဖြင့် လူငယ်တွေ အခက်အခဲ ကြုံနေကြရတာပါ။
အလုပ်အကိုင်ရရေး ကြိုးပမ်းရတဲ့ နေရာမှာ အထူးသဖြင့် လူငယ်တွေ အခက်အခဲ ကြုံနေကြရတာပါ။

မေလ ၂၊ ၂၀၁၁-အမေရိကန်မှာ အလုပ်လက်မဲ့ ပြဿနာတွေ လျော့ပါးလာပေမဲ့ လူငယ်တွေ အလုပ်ရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင် ရရှိရေး အခွင့်အလန်းတွေဟာ တစတစ ပြန်လည်နာလန်ထူလာတဲ့ လက္ခဏာတွေကို ပြသနေပါတယ်။ ဒါပေမဲ့လည်း လူငယ်တွေ အတွက်ကတော့ အလုပ်အကိုင်တွေရဖို့က အခြေအနေ သိပ်မပေးလှဘူးလို့လည်း ပြောနေကြတာပါ။ အမေရိကန်ရဲ့ စီးပွားရေးမှာ အဓိက စိမ်ခေါ်မှုတခု ဖြစ်နေရတဲ့ အလုပ်အကိုင်ရရှိရေး နောက်ဆုံးအခြေအနေတွေ ကိုတော့ ဗွီအိုအေ သတင်းထောက် Mil Arcega ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲ့နှုန်းဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အနိမ့်ဆုံးအထိ ကျဆင်းသွားပေမဲ့ ဆန်းစစ်ချက် တရပ်မှာတော့ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်ပိုင်းတွေ အတွက်ကတော့ အလုပ်အကိုင် အခွင့်အလန်းတွေဟာ သိပ်မကောင်းလှဘူးလို့ ဖော်ပြပါတယ်။ အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ မတ်လအတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ပြည်နယ်ပေါင်း ၅၀ မှာ အလုပ်လက်မဲ့နှုန်းဟာ ၃၄% ကျဆင်းသွားကြောင်း ဖော်ပြခဲ့တာပါ။ ဒီအထဲက ပြည်နယ်ပေါင်း ၃၈ ခုမှာ အလုပ်အကိုင်တွေ ပိုပြီးရခဲ့ကြပေမဲ့ ကျန်ပြည်နယ်တွေနဲ့ ဝါရှင်တန်မြို့တော်တို့မှာတော့ အလုပ်လက်မဲ့နှုန်း တိုးလာခဲ့တာ ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောမယ်ဆိုရင်တော့ အလုပ်လက်မဲ့နှုန်းဟာ ၈.၈ ရာခိုင်နှုန်းအထိ ပြန်လည် လျော့ကျသွားတာပါ။

ဒါဟာ တိုင်းပြည်တွင်းက အလုပ်အကိုင် ရရှိရေး အခြေအနေတွေ ပြန်လည် အားကောင်းလာနေပြီး၊ အလုပ်ရှင်တွေ အနေနဲ့ စီးပွားရေး ပြန်လည် နာလန်ထူလာနေတဲ့အပေါ် ယုံကြည်မှုတွေ ရှိလာရာက အလုပ်သမားတွေကို ပိုမို ငှားရမ်းခန့်ထားလာတဲ့ လက္ခဏာ ဖြစ်တယ်လို့ ဆန်းစစ်သူတွေက တွက်ကြပါတယ်။ တချိန်တည်းမှာပဲ တဖြည်းဖြည်းချင်း တိုးတက်မှုတွေ မြင်နေရတဲ့ အလုပ်အကိုင် ဈေးကွက်ထဲမှာ အမေရိကန် လူငယ်တွေအတွက်ကတော့ အခြေအနေတွေဟာ မရေမရာ ဖြစ်နေရဆဲပါ။

လူငယ်အလုပ်သမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဆန်းစစ်လေ့လာချက်တွေ လုပ်ခဲ့တဲ့ စီးပွားရေး မူဝါဒဆိုင်ရာ တက္ကသိုလ်က ပညာရှင်တဦးဖြစ်တဲ့ ဟိုက်ဒီ ရှီယာဟိုဇ် (Heidi Shierholz) ကတော့ လူငယ်တွေ အလုပ်အကိုင် ရရှိရေးဟာ မကြုံဖူးလောက်အောင် စိမ်ခေါ်မှု ဖြစ်နေရတယ်လို့ ပြောပါတယ်။
“နေရာတိုင်းမှာရှိနေကြတဲ့ လူငယ်တွေဟာ လွန်ခဲ့တဲ့ အနှစ် ၇၀ အတွင်း ဒါမျိုးတခါမှ မကြုံဖူးကြပါဘူး။ စီးပွားပျက်ကပ် ဆိုက်ခဲ့တဲ့ အချိန်ကစပြီးတော့ ဒီလောက်အထိ အလုပ်လက်မဲ့နှုန်း မြင့်မားတာမျိုး ကျမတို့ မတွေ့ဖူးပါဘူး။”

တနိုင်ငံလုံး အတိုင်းအတာနဲ့ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းဟာ ၂ ဆလောက် ရှိနေချိန်မှာ အထူးသဖြင့် ဒီနှစ်ထဲ ကျောင်းပြီးဘွဲ့ရကြမယ့် လူငယ်တွေအဖို့ အလုပ်အကိုင်ရရေး ပိုပြီး ယှဉ်ပြိုင်ကြရလိမ့်မယ်လို့လည်း သူကပြောပါတယ်။ ဒီလို စိမ်ခေါ်မှုတွေ ရှိနေတဲ့ အခြေအနေမှာ ဘွဲ့ရလူငယ်တွေ အနေနဲ့ ကိုယ့်ရည်မှန်းချက်ကို ထိန်းသွားဖို့ လိုပေမဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လည်း လိုမယ်လို့ စာနယ်ဇင်း ပညာရပ်ကို သင်ယူနေပြီး ရှေ့နှစ်ထဲမှာ ဘွဲ့ရတော့မယ့် ကျောင်းသူတဦးဖြစ်တဲ့ နစ်ကိုးလ် မန်းန် (Nicole Mann) က ပြောပါတယ်။
“ကိုယ်လုပ်ချင်တာမျိုး မဟုတ်တဲ့ အလုပ်တခု ကိုယ့်ကို ကမ်းလှမ်းလာရင်တောင်မှ၊ ကျမကတော့ လုပ်မယ်လို့ ပြောမှာပါ။ ရသလောက် ဒီအချိန်မှာ ယူရမှာပါ၊ ဘာကြောင့်လည်းဆိုတော့ ဒါက မမျှော်လင့်တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့အခြေအနေကို တိုးတက်အောင်လို့ အထောက်အကူ ဖြစ်နိုင်တယ်လေ။”

ဂျော့ဂျ်ဝါရှင်တန် တက္ကသိုလ် စီးပွားရေးဌာနက ပါမောက္ခ အိုင်မန် တာရာဘီရှီ (Ayman Tarabishy) ကတော့ အလုပ်ရှင်တွေက ဘယ်လို အရည်အချင်းမျိုးနဲ့ အလုပ်သမားတွေကို ရှာနေသလဲ၊ သူတို့အလုပ်မှာ ဘယ်လို အကျိုးရှိအောင် လုပ်ပေးနိုင်မယ့် အလုပ်သမားမျိုးလဲ ဘယ်လို ဗဟုသုတ အခြေခံတွေ ရှိသလဲ ဆိုတာတွေကို ရှာနေကြတာ ဖြစ်တဲ့အတွက် လူငယ်တွေ အလုပ်အကိုင် ရှာဖွေကြရာမှာ ဘယ်ကျောင်းကနေ ဘာဘွဲ့ရလာတယ် ဆိုတာမျိုး အာရုံစိုက်နေတာတွေကို အခုအခါ ရှောင်ဖို့လိုမယ်လို့ အကြံပေးပါတယ်။

ဒီလိုပဲ အလုပ်အကိုင် ရရှိဖို့ ကြိုးပမ်းကြရတဲ့ အခြေအနေတွေ ပြောင်းလဲလာနေတာနဲ့အမျှ ဒါတွေကို ကျော်လွှားဖို့ နည်းလမ်းသစ်တွေကို စဉ်းစားဖို့ လိုနေပြီလို့လည်း သူက မြင်ပါတယ်။
“အစိုးရရော၊ မိဘတွေရော၊ အလုပ်ရှင်တွေရော၊ လူငယ်တွေ အတွက်ပါ၊ လူတိုင်းကို လှုပ်နှိုးလိုက်တဲ့ ကိစ္စလို့ ကျနော်ထင်ပါတယ်။ လုပ်ရိုးလုပ်စဉ် ပုံစံမျိုး မဟုတ်တော့ပါဘူး။ အခြေအနေတွေက ပြောင်းသွားပါပြီ၊ ကစားနည်းမှာ စည်းမျဉ်းသစ်တွေ ပေါ်လာပါပြီ၊ ဒါတွေကို သိအောင် မြန်မြန်လုပ်သွားကြဖို့ လိုပါတယ်။”

အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဘန် ဘနာခီး (Ben Bernanke) ကလည်း အလုပ်လက်မဲ့နှုန်း ကျဆင်းလာပေမဲ့ အခြေအနေတွေဟာ စိတ်ချလောက်အောင် တိုးတက်တဲ့ အဆင့်ကိုတော့ မရောက်သေးတဲ့အကြောင်း မကြာသေးခင်တုန်းကပဲ ပြောဆိုထားတာပါ။ တချိန်တည်းမှာပဲ အလုပ်လက်မဲ့ ပြဿနာဟာ တိုင်းပြည်ရေရှည် စီးပွားရေးအတွက် စိမ်ခေါ်မှုအဖြစ်နဲ့ ရှိနေဆဲဖြစ်တယ် ဆိုပေမဲ့ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ပြန်လည် နာလန်ထူလာနေတဲ့ အခြေအနေတွေမှာ မျှော်လင့်စရာတွေကလည်း ရှိနေတယ်လို့ သူက မြင်ပါတယ်။
“စီးပွားရေးကျဆင်းမှုနဲ့ ယှဉ်မယ်ဆိုရင် အတော်အသင့် အနေအထားနဲ့ ဆက်ပြီး နာလန်ထူသွားနိုင်သလို၊ အချိန်ကာလ တခုအတွင်း အရှိန်ရလာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ ရေရှည်မှာလည်း ထုတ်လုပ်နိုင်စွမ်း အရှိဆုံးနဲ့ ကမ္ဘာမှာ ကြီးထွားမှု အမြန်ဆုံး၊ အားအကောင်းဆုံး တိုင်းပြည်တခု အဖြစ်ကို ပြန်ရောက်လာမယ်လို့လည်း ကျနော် အသေအချာ ယုံကြည်ပါတယ်။”

အမေရိကန် ပြည်ထောင်စုမှာ အလုပ်လက်မဲ့နှုန်းဟာ မူလကတွက်ဆထားတာထက် လျော့နည်းပြီး တိုးတက်တဲ့ လက္ခဏာတွေကို တွေ့ရလိမ့်မယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဘာနာခီး က ခန့်မှန်းပါတယ်။ အလုပ်လက်မဲ့နှုန်းဟာ ဒီနှစ်အတွင်း ၈.၈% ကနေ ၉% လောက်အထိ ရှိမယ်လို့ အစောပိုင်း ခန့်မှန်းထားပေမဲ့ လက်ရှိ စီးပွားရေးမှာ တိုးတက်မှု အခြေအနေ တချို့နဲ့အတူ ၈.၄% ကနေ ၈.၇% ကြားအထိ လျော့ကျနိုင်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း နှစ်ဆန်းပိုင်း ပထမဘဏ္ဍာရေး ၃ လပတ် ကာလမှာ စီးပွားရေး ဖွံ့ဖြိုးမှု ကျဆင်းခဲ့တာကြောင့် ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးမှု ပမာဏ တခုလုံးအနေနဲ့ မူလက ၃.၄% ကနေ ၃.၉% ကြား ရှိလိမ့်မယ်လို့ ခန့်မှန်းထားရာက၊ အခုခအခါ ၃.၁% ကနေ ၃.၃% အထိလောက်သာ ရှိမယ်လို့ ပြန်လည် တွက်ချက်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အစိုးရအနေနဲ့ ဘဏ္ဍာရေးနဲ့ ကြွေးမြီပြဿနာတွေ ရင်ဆိုင်နေရချိန်မှာ စီးပွားရေး နိုးထစေရေး အစီအမံတွေအတွက် နောက်ထပ် ငွေကြေးသုံးစွဲမှုတွေကို ဇွန်လနောက်ပိုင်းကစလို့ ဆက်လုပ်သွားဖို့ အလားအလာမရှိတဲ့ အကြောင်းကိုလည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဧပြီလနှောင်းပိုင်း ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အရိပ်အမြွက် အသိပေးသွားခဲ့တာပါ။ ဒီလိုအခြေအနေမှာ ဘဏ္ဍာရေးနဲ့ ကြွေးမြီပြဿနာ ကိစ္စတွေကြောင့် နိုင်ငံရေးအရ ကွဲလွဲမှုတွေ အကြီးအကျယ် ရှိနေတဲ့ အမေရိကန် ပြည်ထောင်စုမှာ အလုပ်အကိုင်ရရှိရေး ကိစ္စတွေကို စတေးခံရတဲ့ အဖြစ်မျိုးနဲ့ ကြုံရမှာကိုလည်း စီးပွားရေးအကဲခတ်တွေကြား စိုးရိမ်မကင်း ဖြစ်နေကြတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG