ဖလော်ရီဒါပြည်နယ် ရီပက်ပလီကန် သမ္မတလောင်း ပဏာမရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်အလိုမှာ မက်ဆာချုးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်(တ်)ရွန်မနီ (Mitt Romney) က ပြိုင်ဘက် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နယူး(တ်) ဂင်းရရစ်(ခ်ျ) (Newt Gingrich) ကို အသာစီးရနေတယ်လို့ နောက်ဆုံးကောက်ယူတဲ့ စစ်တမ်းက ဖော်ပြလိုက်ပါတယ်။
ဖလော်ရီဒါပြည်နယ်ရှိ ရီပက်ပလီကန် ပါတီဝင် ၄၂% က မစ်(တ်)ရွန်မနီ ကို ထောက်ခံနေကြပြီး နယူး(တ်) ဂင်းရရစ်(ခ်ျ) ကိုတော့ ၂၇% ကပဲ ထောက်ခံနေတယ်လို့ တနင်္ဂနွေနေ့က ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြလိုက်တာပါ။
တောင်ကာရိုလိုင်းနား ပြည်နယ်မှာ ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရီပက်ပလီကန် သမ္မတလောင်း ပဏာမ ရွေးကောက်ပွဲမှာ မစ်(တ်)ရွန်မနီ က ဂင်းရရစ်(ခ်ျ) ကို ရှုံးခဲ့တာကြောင့် အခု ဖလော်ရီဒါပြည်နယ်မှာ အနိုင်ရဖို့ လိုအပ်နေပါတယ်။
မစ္စတာ ဂင်းရရစ်(ခ်ျ) ကတော့ ဖလော်ရီဒါ ပြည်နယ်က ယှဉ်ပြိုင်ပွဲဟာ မှန်းဆထားတာထက် ပိုပြီး အကျိတ်အနယ် ပြိုင်ရဖို့ များတယ်လို့ပြောပါတယ်။ မစ်(တ်)ရွန်မနီ ဟာ သန္ဓေသားဖျက်ချတာ၊ လက်နက် ထိန်းချုပ်တာနဲ့ အခွန်တိုးကောက်တာတွေကို ထောက်ခံသူဖြစ်တယ်လို့ မစ္စတာ ဂင်းဂရစ်(ခ်ျ) က ပုတ်ခတ် ပြောဆိုနေပါတယ်။
ဖလော်ရီဒါမှာ Mitt Romney အပေါ် ထောက်ခံမှုတိုး
