သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ အသင့်တော်ဆုံးနည်း အမေရိကန် လေ့လာ


A garment worker inspects a factory after a fire, Dhaka, Bangladesh, May 9, 2013.
A garment worker inspects a factory after a fire, Dhaka, Bangladesh, May 9, 2013.

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အကြံပေးချက်ကို အမေရိကန်က ထောက်ခံကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန် အကြီးတန်း အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွေ ထွက်ပေါ်ခဲ့သလိုပဲ အင်္ဂါနေ့မှာတော့ ဒီလို စုံစမ်းရေးကော်မရှင် ဖွဲ့စည်း စုံစမ်းရေးဟာ လိုအပ်သလို သင့်တော်တဲ့ကိစ္စလည်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုလိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ကူးပြောင်းဖို့နဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ အမေရိကန်ရဲ့ ရည်မှန်းချက်ကို အကောင်ထည်ဖော်တာ ဖြစ်ပြီး မြန်မာနိုင်ငံ အရေးအတွက် အမေရိကန်နိုင်ငံက သေသေချာချာ အာရုံစိုက်မှု ရှိနေတာကို ပြနေတယ်လို့ NCGUB အဝေးရောက် မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂ တာဝန်ခံက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားရဲ့ မတ်လတုန်းက အကြံပြုချက်ကို ဗြိတိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ စလိုဗက်ကီးယားနဲ့ သြစတြေးလျ နိုင်ငံတွေအပြင် အခု အမေရိကန်နိုင်ငံကပါ လက်ခံခဲ့ပြီး ဒီလို စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ ကိစ္စဟာ လိုအပ်သလို သင့်လည်း သင့်တော်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပီဂျေ. ခရော်လီ (P.J. Crowley) က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံတကာ ဥပဒေတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် စနစ်တကျ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ သင့်တော်သလို လုပ်ဖို့ လိုအပ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်ပါတယ်။ ဒါကို အစပျိုး လုပ်ဆောင်တဲ့ နေရာမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လို ရှေ့ဆက် လုပ်ရမယ် ဆိုတာကို ကျနော်တို့ လေ့လာနေပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန်နိုင်ငံရဲ့ ဒီသဘောထားနဲ့ ပတ်သက်ပြီး သမ္မတ အိမ်ဖြူတော် အကြီးတန်း အရာရှိတဦးက ထုတ်ဖော် ပြောဆိုခဲ့တာကို မစ္စတာ ခရော်လီက အတည်ပြုပေးခဲ့တာပါ။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ချက်ထားပြီး ဆောင်ရွက်နေတဲ့ တိုက်ရိုက်ဆွေးနွေး ပြောဆိုဆက်ဆံမှုတွေ လုပ်ဆောင်နေမှုနဲ့ အခုလို လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းဖို့ ကိစ္စတွေဟာ အပြန်အလှန် ဆက်စပ်မှု ရှိနေတယ်လို့လည်း မစ္စတာ ခရော်လီက ပြောပါတယ်။

ဒါ့အပြင် ဒီလို တိုက်ရိုက်ပြောဆို ဆွေးနွေးနေတဲ့ တချိန်တည်းမှာပဲ ဒီမိုကရေစီရေး တိုးတက်လာစေဖို့အတွက် မြန်မာစစ်အစိုးရအပေါ် ဖိအားပေး လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆက်လက် ရှာဖွေနေတယ်လို့ ဆိုပါတယ်။ အခုလို မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းရေး ကော်မရှင် တရပ်ကို ဖွဲ့ဖို့အတွက် လိုအပ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ အမြင်သဘောထားနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့လည်း တိုင်ပင် ဆွေးနွေးသွားဖို့ ရှိတယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။

အခု အမေရိကန်လို အင်အားကြီး နိုင်ငံကြီး တနိုင်ငံက မစ္စတာ ကင်တားနား အကြံပြုခဲ့သလို မြန်မာစစ်အစိုးရရဲ့ လူသား မျိုးနွယ်တွေအပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ ရှိမရှိ စုံစမ်းစစ်ဆေးပေးဖို့ ဦးဆောင်လာတာဟာ မြန်မာ့အရေးကို အမေရိကန် ပြည်ထောင်စုက သေသေချာချာ အာရုံစိုက်နေတာကို ပြသနေတယ်လို့ အဝေးရောက် မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဒီ စုံစမ်းစစ်ဆေး လေ့လာရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန်က ဦးစီးဦးဆောင် ကမကထလုပ်ပြီးတော့ ကြိုးပမ်းမယ်ဆိုတဲ့ အတွက်ကြောင့် အောင်မြင်ဖို့ အလားအလာ အခွင့်အလမ်းက ပိုများသလို ကျနော်တို့ အနေနဲ့လည်း အများကြီး အားရှိပါတယ်။ ဒါ ဘာကိုပြသလဲဆိုတော့ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အတွက် ဘယ်လောက် အာရုံစိုက်မှု ရှိတယ်ဆိုတာကိုလည်း ပြသရာ ရောက်ပါတယ်။”

မတ်လထဲမှာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ အကြံပြုခဲ့တဲ့ မစ္စတာ ကင်တားနားဟာ ရှေ့လထဲ စတင်မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တင်သွင်းမယ့် အစီရင်ခံစာအတွက် သြဂုတ်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းခံခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေက ရွေးကောက်ပွဲကို အကြောင်းပြပြီး ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် အခု မြန်မာနိုင်ငံနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမှု လုပ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်ကို အခု တရားဝင် ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံရဲ့ သဘောထားကြောင့် ထိခိုက်မှု အတိုင်းအတာ ဘယ်လိုရှိနိုင်မလဲလို့ မေးကြည့်ပါတယ်။

“ထိတွေ့ဆက်ဆံရေး မူအရ အမေရိကန် အစိုးရ အနေနဲ့ နအဖ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးတဲ့ ပေါ်လစီရဲ့ ရည်မှန်းချက်တွေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုတခု စတင်နိုင်ဖို့၊ နောက်တခုက လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်လာဖို့ ရည်မှန်းချက်တွေပါပဲ။ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်တခု မရှိဘဲနဲ့ ရေရှည် တည်တံ့ခိုင်မြဲမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ကူးပြောင်းမှုက မဖြစ်နိုင်ပါဘူး။

“နိုင်ငံရေး လုပ်ငန်းစဉ်ဟာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်မှုနဲ့ ပြည်သူလူထုရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားမှုနဲ့ ခွဲခြားလို့ မရပါဘူး။ ဒီနေ့ မြန်မာပြည်မှာ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ လိုအပ်တဲ့ အခြေခံ လူ့အခွင့်အရေး အခြေအနေတွေမှာ ပိတ်ပင်တားဆီး ကန့်သတ်မှုတွေ ရှိနေတယ်။

“အဲဒီထက်ပိုပြီးတော့ ဆိုးဝါးတာက နိုင်ငံတကာက လက်ခံထားတဲ့ အခြေခံ လူ့အခွင့်အရေးတွေ၊ နိုင်ငံတကာ ဥပဒေတွေ၊ လူသားမျိုးနွယ် တရပ်လုံးကို ချိုးဖောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးတွေပေါ့၊ အဓမ္မ ကျင့်ကြံတာတို့၊ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းတာတို့၊ တရားဥပဒေမဲ့ ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ သတ်ဖြတ်တာ၊ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာ၊ အဓမ္မ လုပ်အားပေး ခိုင်းတာ၊ ဒါမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ မှာ ဆက်တိုက် ဖြစ်နေသလို ဒီလိုဖြစ်နေတာတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ၊ ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေးမှုတွေက မရှိခဲ့ဘူး။

“ဒါကြောင့် အမေရိကန် အစိုးရ အနေနဲ့ တဘက်မှာ အပြုသဘောအရ ထိတွေ့ ဆက်ဆံ ဆွေးနွေးမှုတွေ လုပ်နေသလို တဘက်မှာ လူ့အခွင့်အရေး အခြေအနေမှန်တွေကို ဖော်ထုတ်ဖို့ ဦးစီးဦးဆောင် လုပ်တာဟာ အရင်ချထားပြီးသား ပေါ်လစီနဲ့ ဆန့်ကျင်မှု မရှိဘူး၊ ကိုက်ညီတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”

ဒေါက်တာသောင်းထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG