သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို မကြိုက်ပေမဲ့ နောက်ပိုင်း အပြောင်းအလဲ မျှော်လင့်


မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး အမေရိကန် အစိုးရရဲ့ လမ်းစဉ်ဟာ စိတ်ပျက်စရာတွေသာ ဖြစ်ခဲ့ပေမဲ့ ဒါဟာ ရေရှည် လုပ်ဆောင် သွားရမယ့် လမ်းစဉ်ပဲ ဖြစ်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော်မှာ ကြာသပတေးနေ့ မွန်းလွဲပိုင်းက လုပ်ခဲ့တဲ့ အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ နောက်ထပ် ခြေလှမ်းများ ဆိုတဲ့ ဆွေးနွေးပွဲမှာ မစ္စတာ ကမ်းဘဲလ်က ပြောသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အစတုန်းက အာရှနဲ့ ပတ်သက်ရင် အရှေ့မြောက် အာရှဒေသကိုသာ ပိုပြီးတော့ အာရုံစူးစိုက်ခဲ့ပေမဲ့ သမ္မတ အိုဘားမား အစိုးရ တက်လာပြီးနောက် အရှေ့တောင်အာရှ အရေးကိုလည်း အလေးပေး စဉ်းစားလာခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ အရေးကိုလည်း အထူး ဦးစားပေးပြီး မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒအတွက် သက်ဆိုင် ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ ကျွမ်းကျင်သူတွေ၊ ဒေသတွင်း နိုင်ငံတွေ၊ အစိုးရတွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဆွေးနွေး သုံးသပ်ပြီးတော့မှ ပိတ်ဆို့ အရေးယူမှု သက်သက်ရော၊ လိုက်လျောဆက်ဆံရေးပါ အလုပ်မဖြစ်ဘူး ဆိုတာကို တွေ့ရှိခဲ့ရ တဲ့အတွက် တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ မူဝါဒကို ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ ဒီ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ဟာလည်း အခုချိန်ထိ စိတ်ပျက်စရာတွေနဲ့ပဲ ကြုံတွေ့နေရတယ်ဆိုတာ မစ္စတာ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က အခုလို ဝန်ခံသွားပါတယ်။

“ဒီနေ့အချိန်ထိ တွေ့ဆုံဆွေးနွေးရေးဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ ပြောရင် မမှားဘူးလို့ ကျနော် ထင်ပါတယ်။ ခက်ခဲတဲ့ စိန်ခေါ်မှု တွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းမှာပဲ အချင်းချင်း တွေ့ဆုံဆွေးနွေးကြဖို့ ကိစ္စ၊ မြောက်ကိုရီးယားနဲ့ သံသယ ဖြစ်စရာကောင်းတဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ အာမခံချက် ပေးဖို့ ကိစ္စတွေအတွက် တိုးတက်မှု တစုံတရာ ဖြစ်ထွန်းအောင် ကျနော်တို့ အားထုတ်ခဲ့ပါတယ်။

“ဒီကိစ္စရပ်တွေ အားလုံးမှာ စိတ်ပျက်ခဲ့ရတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အစတုန်းက ကျနော်တို့ ပြောခဲ့သလိုပါ၊ ဒါဟာ ရေတိုမူဝါဒ မဟုတ်ပါဘူး၊ ရေရှည် လုပ်ဆောင်ကြရမယ့် ကိစ္စ ဖြစ်ပါတယ်။”

ဒါပေမဲ့ သူတို့ရဲ့ ဒီမူဝါဒဟာ အောင်မြင်ရမယ်လို့တော့ အလွန်အကျွံ ကတိမပေးလိုဘူး၊ အဆင့်တိုင်း အဆင့်တိုင်းမှာ ဘယ်လို အခြေအနေတွေ ရှိနေတယ် ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ သူတို့ရဲ့ မူဝါဒသစ်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူ လက်ခံတယ်လို့ ပြောပါတယ်။

နောက်တချက်ကတော့ နိုဝင်ဘာ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲကို မစ္စတာ ကမ်းဘဲလ်က ဒါဟာ နိုင်ငံတကာက လက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး၊ တရားမမျှတတဲ့ လုပ်ရပ်သာ ဖြစ်မယ်လို့လည်း ယတိပြတ် ပြောသွားပါတယ်။

“ဒီနေ့ တွေ့မြင်နေရသမျှ ပြောရရင် နိုဝင်ဘာ ရွေးကောက်ပွဲဟာ နိုင်ငံတကာ တရားဝင် အသိအမှတ် ပြုမှုနဲ့ ကင်းမဲ့နေပါတယ်။ လေ့လာ စောင့်ကြည့်သူ လုံးဝမရှိ၊ နိုင်ငံတကာက အသိအမှတ် ပြုနိုင်တဲ့ လုပ်ရပ်လည်း တချက်မှ မရှိပါဘူး။”

အဲဒီလို ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံနိုင်စရာ မရှိတဲ့ ရွေးကောက်ပွဲလို့ ဆိုပေမဲ့လည်း ရွေးကောက်ပွဲ နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလာနိုင်မယ့် အရေးကိုလည်း မစ္စတာ ကာ့တ် ကမ်းဘဲလ်က မျှော်လင့်နေတဲ့ သဘောမျိုး ပြောသွားပါသေးတယ်။

“ရွေးကောက်ပွဲ ကာလမှာတော့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဇာတ်ကောင်သစ်တွေ၊ အာဏာဆက်ဆံရေး ပုံစံသစ်တွေ၊ နိုင်ငံတွင်း အခြေခံ အဆောက်အဦး အသစ်တွေ ပေါ်ထွက်ကောင်း ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဘာလုပ်နိုင်မလဲ ဆိုတာ အဆင်သင့် ဖြစ်နေဖို့ လိုမယ် ထင်ပါတယ်။ ဒီ့အတွက် ဒေသတွင်းက ကျနော်တို့ မိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေး ညှိနှိုင်းနေပါတယ်။ အဆင်သင့် တံခါးဖွင့်ထားပါတယ်။”

တကယ်တော့ မစ္စတာ ကာ့တ် ကမ်းဘဲလ်ရဲ့ ဒီနေ့ ပြောကြားချက်ဟာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ ဆက်ဆံရေးဟာ အောင်မြင်မှု မရှိပေမဲ့ စိတ်မလျှော့သေးဘူး၊ သည်းခံပြီး စောင့်ဆိုင်းနေဦးမယ် ဆိုတဲ့ သဘောကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံ စစ်အစိုးရဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့်တောင်မှ မပေးတော့တဲ့ အခြေအနေအထိ လုပ်လာပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို အချိန်မျိုးမှာ အမေရိကန် အစိုးရရဲ့ မူဝါဒဟာ တစုံတရာ ပြောင်းလဲလာလေမလား ဆိုပြီးတော့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဘက်က မျှော်လင့် စောင့်စားနေကြတဲ့ အချိန်ဆိုရင် မှားမယ်မဟုတ်ပါဘူး။

XS
SM
MD
LG