သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းလိုရင် မြန်မာ့နိုင်ငံရေး ပြောင်းလဲရမည်


အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မစ္စတာ ပီ.ဂျေ ခရော်လီ။

မြန်မာစစ်အစိုးရ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်ရင် မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိဖို့ လိုမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ လက်ရှိအားဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပါအဝင် မြန်မာ့နိုင်ငံရေး အခြေအနေတွေ အပေါ်မှာ အမေရိကန် ပြည်ထောင်စုဘက်က စိတ်ပျက်နေပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအပေါ် အထီးကျန် ပိတ်ဆို့ထားတာမျိုး သက်သက်နဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးသွားဖို့ ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒအသစ်ဟာ အဓိက ဆိုလိုရင်းကတော့ မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ရေးပဲလို့ သူက ပြောသွားပါတယ်။

“နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ အထီးကျန် ဖြတ်တောက်ထားတာကလည်း အလုပ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာတာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေ ဘယ်တော့ ထပ်ဖြစ်မလဲ ဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး။ ဒါပေမဲ့ အခုအချိန်အထိ စစ်အစိုးရ တုံ့ပြန်မှုတွေမှာတော့ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ စိတ်ပျက်စရာတွေပါပဲ။ ဒါဟာ အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးသွားတာပါ။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားမှာပါ။ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲ တခုခုဖြစ်ဖို့ မျှော်မှန်းတယ်ဆိုရင် ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ ဆွေးနွေးသွားမှာပါ။”

အထူးသဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ပြည်တွင်း အဓိက နိုင်ငံရေး အင်အားစုတွေနဲ့ စစ်အစိုးရက ဆွေးနွေးသွားဖို့ အမေရိကန် ပြည်ထောင်စုဘက်က အမြဲ တိုက်တွန်း နားချနေတယ်လို့လည်း ပီ.ဂျေ ခရော်လီက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ ထိစပ် ဆက်ဆံမှုတွေ ဆက်လုပ်သွားမှာပါ။ ဒီအတွက် ကျနော်တို့ စိတ်ဝင်တစား ရှိတာကြောင့်ပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဖြစ်လာစေဖို့ ကိုယ့်နိုင်ငံတွင်းက အဓိက အုပ်စုတွေကို လမ်းဖွင့်ပေးပြီး ပိုပြီး ထိစပ် ဆွေးနွေးတာမျိုး ပိုလုပ်သင့်တယ်လို့ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့တိုင်း ဒီကိစ္စကို ကျနော်တို့ ဆက်ပြီး ပြောသွားမှာပါ။”

အခုလို မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးသွားနိုင်ဖို့ အမေရိကန် ပြည်ထောင်စုက ကြိုးပမ်းနေချိန်မှာပဲ တဘက်မှာ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို သက်တမ်းတိုး ချမှတ်နေတုန်းပါ။ မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အများက လက်ခံယုံကြည်နိုင်မှု မရှိတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲဝင်အချို့ အခုရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီထောင်တဲ့ ဆုံးဖြတ်ချက် အပေါ်မှာ လေးစား အသိအမှတ်ပြုပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားကတော့ မပြောင်းလဲပါဘူး။

“ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကျနော်တို့ စိုးရိမ်ပူပန်မှုတွေက မပြောင်းလဲပါဘူး။ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ချို့ယွင်း အားနည်းမှုတွေ ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်ဟောင်းတွေ အခုလို ရွေးကောက်ပွဲဝင်ဖို့ အဆုံးအဖြတ်ကိုလည်း အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့လည်း အခု မြန်မာနိုင်ငံမှာ လုပ်မယ့် ဒီလုပ်ငန်းစဉ်တွေဟာ နည်းနည်းလေးတောင် လွတ်လပ်မျှတပြီး လက်ခံယုံကြည်နိုင်တဲ့ တရားဝင်မှု ရလဒ် ဖြစ်လာမယ်လို့တော့ ကျနော်တို့ မျှော်လင့်မထားပါဘူး။”

အမေရိကန် ပြည်ထောင်စု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး မြန်မာအာဏာပိုင်တွေ၊ အတိုက်အခံ ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲတဲ့ လက္ခဏာတော့ မတွေ့ရဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် ပြည်ထောင်စုဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နောက်ထပ် စိုးရိမ်ပူပန်နေတဲ့ အချက်က မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံနေတဲ့ ကိစ္စပါ။ မြောက်ကိုရီးယားနိုင်ငံဟာ စစ်လက်နက်ပစ္စည်းတွေ၊ အထူးသဖြင့် နျူကလီးယားနဲ့ ဒုံးကျည်ဆိုင်ရာ နည်းပညာ ပစ္စည်းတွေ မြန်မာနိုင်ငံကို လျှို့ဝှက် ရောင်းချနေတယ်လို့ နိုင်ငံတကာမှာ သံသယ ဖြစ်နေကြပါတယ်။ အကယ်၍ အဲဒီလို ဆက်ဆံမှုမျိုးရှိရင် ဒါဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာ ဖြစ်လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု ဘက်ကတော့ မြန်မာနိုင်ငံကို သတိပေးထားပါတယ်။

ဒါကြောင့်လည်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို အထူးဂရုပြု အနီးကပ် စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ အထူးကိုယ်စားလှယ်ထားရေး ကိစ္စကတော့ အခုအချိန်အထိ မကြေညာနိုင်သေးဘူးလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက သတင်းထောက်တွေကို ဖြေဆိုခဲ့ပါတယ်။

XS
SM
MD
LG