သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး ကလင်တန် အာရှလုံခြုံရေး အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖွယ်ရှိ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ လာမယ့် တနင်္လာနေ့မှာ ၅ ရက်ကြာ အာရှခရီးထွက်ဖို့ ရှိနေပါတယ်။ လာမယ့်အပတ်ထဲ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် အာရှဒေသ လုံခြုံရေး နှီးနှောဖလှယ်ပွဲကိုလည်း ဝန်ကြီး ကလင်တန် တက်ရောက်မှာ ဖြစ်ပါတယ်။ ဝန်ကြီး ကလင်တန်ရဲ့ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံအရေး ထည့်သွင်းဆွေးနွေးဖို့ ရှိပါသလား။ နိုင်ငံခြားရေးဝန်ကြီးရဲ့ လာမယ့် အာရှခရီးစဉ်နဲ့ ပတ်သက်လို့ မနေ့က နိုင်ငံခြားရေးဌာနမှာ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ အာရှနိုင်ငံတချို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်အတွင်း မြောက်ကိုရီးယား လက်ချက်နဲ့ တောင်ကိုရီးယား စစ်သင်္ဘော ချိုနန် နစ်မြုပ်ခဲ့တဲ့ကိစ္စ ဆွေးနွေးဖို့ရှိသလို မြန်မာနိုင်ငံ ကိစ္စကိုလည်း ချန်လှပ်သွားမှာ မဟုတ်ပါဘူးလို့ နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မနေ့က နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

“ကိုရီးယားကျွန်းဆွယ် လုံခြုံရေးကိစ္စအပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စတွေကို ဝန်ကြီး ကလင်တန် ဆွေးနွေးဖြစ်ပါလိမ့်မယ်။ ဒေသတွင်း နိုင်ငံတွေ အားလုံးနဲ့ တွေ့ဆုံတဲ့အခါမှာရော၊ ၂ နိုင်ငံချင်း တွေ့ဆုံတဲ့ အခါတွေမှာပါ ဒီကိစ္စနှစ်ရပ်စလုံးကို အဖွဲ့ဝင်နိုင်ငံတွေနဲ့ သူ ဆွေးနွေးမှာပါ။ စိတ်မကောင်းစရာ ဖြစ်ပျက်ခဲ့တဲ့ ချိုနန်သင်္ဘော နစ်မြုပ်မှု ဖြစ်ခဲ့ရတာနဲ့ ပတ်သက်ပြီး စကားလုံး အတိအကျ ဘာပြောမလဲဆိုတာ သူ့မှာ ရှိပြီးသားပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်းလောက် ကျင်းပဖြစ်လိမ့်မယ်လို့ ခန့်မှန်းရတဲ့ ရွေးကောက်ပွဲကိစ္စ အပါအဝင် တခြား အကြောင်းအရာ တော်တော်များများမှာ အမေရိကန် ပြည်ထောင်စုရဲ့ စိုးရိမ်ချက်တွေကိုလည်း ပြောဖြစ်ပါလိမ့်မယ်။”

ဒါပေမဲ့ အာရှဒေသ လုံခြုံရေး နှီးနှောဖလှယ်ပွဲ တက်ရောက်မယ့် ဝန်ကြီး ကလင်တန် အနေနဲ့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့က တက်ရောက်လာမယ့် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့တော့ လတ်တလော အခြေအနေမှာ အစီအစဉ် မရှိဘူးလို့ မစ္စတာ ကမ်းဘဲလ်က ပြောပါတယ်။

“မြန်မာနဲ့ မြောက်ကိုရီးယား ၂ နှစ်နိုင်ငံလုံးဟာ အာဆီယံ လုံခြုံရေးညီလာခံ အဖွဲ့ဝင်တွေပါ။ သူတို့ရဲ့ ကိုယ်စားလှယ်တွေ ဒီနှစ် ညီလာခံ လာတက်ဖို့ ရှိမရှိ ကျနော် မသိပါဘူး။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ပုံမှန်အားဖြင့် သူတို့ကိုယ်စားလှယ်တွေ လွှတ်လေ့ရှိပါတယ်။ လက်တလော အခြေအနေမှာတော့ ဒီနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နှစ်နိုင်ငံချင်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် မရှိပါဘူး။”

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေဘက်က ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းကောင်းတွေ ရှိနေတာကို အမိအရယူဖို့ နိုင်ငံခြားရေး ဝန်ကြီးတွေ အတော်များများက ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်အစိုးရကို တိုက်တွန်းပြောဆိုခဲ့ကြတာတွေ ရှိသလို ဒီအပေါ် အမေရိကန် ပြည်ထောင်စုက ဝမ်းသာကျေနပ်ရတဲ့ အကြောင်းနဲ့ ဝန်ကြီး ကလင်တန် အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ ကြေညာချက် ထုတ်နိုင်တယ်လို့လည်း မစ္စတာ ကမ်းဘဲလ်က ပြောသွားပါတယ်။

ဒေသတွင်း လုံခြုံရေး ညီလာခံကို တက်ရောက်လာမယ့် မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဝန်ကြီး ကလင်တန်တို့ တွေ့ဆုံတဲ့အခါ မြန်မာ့အရေး ဆွေးနွေးဖို့ ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့တော့ မစ္စတာ ကမ်းဘဲလ်က အခုလို ဖြေသွားခဲ့ပါတယ်။

“အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ကျနော်တို့ စကားပြောကြတဲ့ အခါတိုင်း မြန်မာကိစ္စကို ပြောဖြစ်ပါတယ်။ အိန္ဒိယက မိတ်ဆွေတွေကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ မြန်မာ့အရေးမှာ အိန္ဒိယရဲ့ အခန်းကဏ္ဍက အင်မတန် အရေးပါပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာအောင်၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးအောင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံတဲ့ နေရာမှာလည်း ပိုပြီးတော့ လေးလေးစားစား ရှိလာအောင် သူတို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းပြောဆိုဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။

“အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ မဟာဗျူဟာကျတဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ရတယ် ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ နေပြည်တော်မှာရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို တာဝန်ယူမှု ရှိလာအောင် ပြောင်းလဲဖို့ အိန္ဒိယရော တခြား ဒေသတွင်း နိုင်ငံတွေ အနေနဲ့ တိုက်တွန်းဖို့ လိုပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးအတွက် ဒီနိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်လိုပါတယ်။”

မြန်မာစစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ အခုထိ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြဿနာမျိုးစုံ ရှိနေသေးတာကြောင့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမှုတမှု ရှိလိမ့်မယ်လို့ မထင်ရတဲ့ အကြောင်းလည်း မစ္စတာ ကမ်းဘဲလ်က ပြောပါတယ်။

“မြန်မာစစ်အစိုးရ အနေနဲ့ ပြည်တွင်းက နိုင်ငံရေး အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်သေးတဲ့ ကိစ္စကို ကျနော်တို့ စိုးရိမ်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ လုပ်သင့်တဲ့အချိန် တခုမှာ မြန်မာစစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးမှုလုပ်ပြီး တိုက်တွန်းမှုတွေလုပ်ဖို့ အဆင်သင့် ရှိပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာအောင်နဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ ပွင့်လင်းမြင်သာမှု ရှိလာအောင် လုပ်ဖို့ အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို တိုက်တွန်းနေတာပါ။”

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီးတဦး ခန့်အပ်ဖို့ ကိစ္စကတော့ ဆွေးနွေးနေတုန်း ဖြစ်သလို သိပ်မကြာတော့တဲ့ အချိန်ကာလ တခုမှာတော့ တရားဝင် ထုတ်ပြန် ကြေညာနိုင်လိမ့်မယ်လို့လည်း မစ္စတာ ကမ်းဘဲလ်က ပြောပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား အစိုးရတို့အကြား အပြန်အလှန် ဆက်သွယ်မှုတွေ ရှိနေတဲ့အပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်တဲ့အကြောင်းလည်း သူက အခုလို ပြောပါတယ်။

“မြန်မာစစ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနဲ့ အပြန်အလှန် ဆက်သွယ်နေတဲ့ ကိစ္စကို ကျနော်တို့ အဓိက စိုးရိမ်ပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဖို့နဲ့ မြောက်ကိုရီးယား ဆက်သွယ်မှုတွေမှာ ထိန်ချန် ဖုံးကွယ်မှုတွေ မရှိဘဲ ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် မြန်မာစစ်အစိုးရကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ခုထိတော့ အောင်မြင်မှု မရသေးပါဘူး။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မကြာခင် သွားရောက်မယ့် အာရှခရီးစဉ်နဲ့ ပတ်သက်ပြီး မနေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး ကလင်တန်ဟာ လာမယ့် တနင်္လာနေ့မှာ သူ့ရဲ့ အာရှခရီးစဉ်ကို စတင်မှာ ဖြစ်ပြီးတော့ အာရှဒေသ လုံခြုံရေး နှီးနှောဖလှယ်ပွဲ ကျင်းပမယ့် ဗီယက်နမ်နိုင်ငံအပြင် တောင်ကိုရီးယားနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေကိုလည်း သူသွားရောက်ဖို့ ရှိပါတယ်။

XS
SM
MD
LG