သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာတွေရဲ့ နှင်းမုန်တိုင်း အတွေ့အကြုံ


ဝါရှင်တန်ဒီစီ
ဝါရှင်တန်ဒီစီ

အမေရိကန်ပြည်ထောင်စုမှာ ဆောင်းအဝင်နောက်ကျလို့ နှင်းကိုမျှော်နေကြချိန် အလွန်ကြီးမားတဲ့ Jonas နှင်းမုန်တိုင်း တိုက်ခတ်လာပါတယ်။ အပြည့်အစုံကို မခွာညိုက တင်ပြထားပါတယ်။

နှင်းမုန်တိုင်း ဖြတ်သန်းသွားရာ ဒေသတွေအားလုံးမှာ စုစုပေါင်း သေဆုံးသူ ၉ ယောက်ရှိသွားပါပြီ။ မုန်တိုင်းကြောင်း မြို့တော်ဝါရှင်တန်ဒီစီ အပါအဝင် ပြည်နယ် ၁၀ ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားလိုက်ပြီး ကျောင်းတွေကိုလည်း တရားဝင် ပိတ်ထားပါတယ်။

ရထားပြေးဆွဲမှုတွေကိုလည်း ရပ်တန့်ထားသလို လူတွေကိုလည်း အိမ်ထဲမှာပဲနေကြဖို့ သတိပေးထားပါတယ်။ အမေရိကန်စံတော်ချိန် သောကြာနေ့ ညဦးပိုင်း၊ မြန်မာစံတော်ချိန် စနေမနက်ခင်းကစလို့ ကျနေတဲ့နှင်းထုဟာ အခုဆိုရင် မြို့တော် ဝါရှင်တန်ဒီစီ၊ မေရီလန်းပြည်နယ်နဲ့ နယူးယောက်မြို့တွေမှာ လက်မ ၃၀ ကျော်သွားပါပြီ။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးက အခု အမေရိကန်စံတော်ချိန် စနေနေ့ညနေ ၃ နာရီကစပြီး အန္တရာယ်သတိပေးချက်ထုတ်ပြန်ပြီး ပြည်သူတွေကို အပြင်ထွက်ခွင့် သွားလာခွင့် ပိတ်ပင်လိုက်ပါပြီ။ နယူးယောက်မြို့မှာ အငှားကားမောင်းတဲ့ မြန်မာနိုင်ငံသား ကိုကျော်လွင်စိုးက နယူးယောက်မြို့ရဲ့အခြေအနေကို အခုလို ပြောပါတယ်။

နယူးယောက်
နယူးယောက်

“နယူးယောက်မှာတော့ အပြင်မှာ လေလည်းတိုက်နေတယ်။ နှင်းလည်းကျနေတယ်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ဒီနေ့မနက်မှာ အရေးပေါ် အခြေအနေ ကြေညာထားပြီးတော့ ၂ နာရီခွဲမှာ အများပြည်သူ သွားလာရေးစနစ်တွေအားလုံးကို ရပ်နားမယ်။ အပြင်ကို ဘယ်သူမှ မထွက်နဲ့လို့ သူက ကြေညာထားပါတယ်။ Uber တက္ကစီတွေကလည်း မက်စေ့ချ်လာနေတယ်ဗျ။ ဘာပြောလဲဆိုတော့ အရေးပေါ် အခြေအနေ ဖြစ်တဲ့အတွက်ကို ၂ နာရီ ၃၀ မှာ သူတို့ရဲ့ စနစ်တွေကို ရပ်ထားတော့မယ်လို့ ပြောပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ နှင်းစကျကတည်းက နားနေတာ။ ဘာကြောင့်လဲဆိုတော့ မမျှော်လင့်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်မှာစိုးတဲ့အတွက် ကျနော်တို့က မထွက်တော့ဘူးခင်ဗျ။”

Uber ဆိုတာကတော့ အမေရိကန်ပြည်ထောင်စုမှာ အငှားကားကို အလွယ်တကူနဲ့ ဈေးချိုချို အသုံးပြုနိုင်အောင် အွန်လိုင်းကနေ အငှားကားခေါ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ နယူးဂျာစီပြည်နယ်အတွင်းက ကမ်းစပ်မြို့တွေမှာတော့ နှင်းမုန်တိုင်းဒဏ်ကိုသာမက ပင်လယ်ဒီရေ ရိုက်ခတ်မှုကိုပါ ခံစားနေကြရပါတယ်။ ကာတွန်းဆရာ ဦးဝင်းထွန်းနေထိုင်ရာ Old Bridge မြို့ကလည်း ပင်လယ်ကမ်းစပ်နဲ့ ဆက်စပ်နေပြီး အခုအချိန်မှာ နယူးဂျာစီပြည်နယ်မှာတော့ နှင်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကိုရော ပင်လယ်ဒီရေ တက်လာတဲ့ ရေကြီးမှုဒဏ်ကိုပါ ခံစားနေရကြောင်း ဦးဝင်းထွန်းက အခုလို ပြောပြပါတယ်။

“နှင်းကလည်း အဆက်မပြတ်ကျနေတာ။ ကျနော်တို့ရဲ့ နယူးဂျာစီပြည်နယ်မှာ သူတို့ကြေညာထားတာက ၁ ပေကနေပြီးတော့ ၁၈ လက်မထိ ရှိမယ်။ အခုတခါ သူတို့ ထပ်ပြင်ပြီး ကြေညာတာက ၂၄ လက်မအထိ ကျနိုင်တယ်။ နှင်းကလည်း ကျနေတယ်။ အဲဒီကျနေတဲ့ နှင်းအထူထပ်ကြီးကို တက်လာတဲ့ ပင်လယ်ဒီရေက တိုက်စားသွားတာ။ အဲ့လို တိုက်လိုက်တော့ နှင်းတွေက ပေါလောပေါလောနဲ့ မျောပြီးတော့ တီဗွီမှာ ရိုက်ပြတာ တွေ့ရတယ်။ အဲဒီ ကမ်းစပ်မှာ လူနေတဲ့အိမ်တွေက အကုန် ရေတွေ ဝင်ကုန်တာပေါ့။ နှင်းမုန်တိုင်းက များသောအားဖြင့် အခုလိုပေါ့ဗျာ ဒီတခါလို ပင်လယ်ကမ်းစပ်နဲ့ ကပ်လျက်ကျတာတော့ ကျနော် ဒီမှာ နေသ၍ ကာလပတ်လုံးတော့ မတွေ့ဖူးသေးဘူး။”

ဝါရှင်တန်ဒီစီမြို့နဲ့ နှစ်နာရီမျှသာဝေးတဲ့ ဗာဂျီးနီးယားပြည်နယ်၊ ရှားလော့ဗေးမြို့က အခြေအနေကရော ဘယ်လိုရှိပါသလဲ ဆိုတာကို ဟိုတယ်လ်တခုမှာ အလုပ်လုပ်နေတဲ့ ဒေါ်တင်တင်ညိုက နှင်းမုန်တိုင်းအတွင်း သူ အလုပ်လုပ်ရပုံကို အခုလို ပြောပြပါတယ်။

“ကျမလည်း အခု အလုပ်လာမှာ လာပြီးတော့ အိပ်ရတဲ့ အနေအထားရှိတာပေါ့နော်။ အလုပ်မှာက ဟိုတယ်အခန်းပေါင်း ၂၀၀ ကျော်လောက်ရှိတယ်လေ။ အလုပ်သမား အယောက် ၂၀ လောက်ကို သူတို့ ဒီမှာ အခန်း ၂၀ လောက်ကို ပေးအိပ်ရတဲ့သဘော။ ဒီဘက်ရက်ပိုင်းမှာ နည်းနည်းလေးတော့ ပါးတယ်လို့ပြောရမယ်။ ရာသီဥတုဆိုးတဲ့အတွက် လာဖို့ ဘိုကင်ယူထားတဲ့လူတွေလည်း သူတို့ ပြန်ပြီးတော့ ဘိုကင်ဖျက်လိုက်တဲ့ သူလည်းရှိတယ်။ နှင်းကျမယ်ဆိုတဲ့ရက်ပေါ့နော် မနေ့ကတည်းက စပြီးတော့ သူတို့တွေ လုံး၀ ကလေးတွေကို ကျောင်းမလာခိုင်းဘူးလေ။ ကျောင်းပိတ်လိုက်တယ်။

မြို့တော် ဝါရှင်တန်ဒီစီမှာ နေထိုင်သူ ဦးဇော်ဝင်းကတော့ မနက် လေးနာရီမှာ မြို့ထဲ ကားမောင်းရတဲ့ သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

“လမ်းပေါ်မှာကျလာတဲ့ နှင်းမှုန်တွေက ချက်ခြင်းခဲပြီးတော့ အန္တရာယ်ပြုလောက်အောင်ကို ချော်တယ်ဗျ။ နှင်းမှုန်တွေက များတာကိုး။ အစိုးရက ကားတွေနဲ့ ချက်ခြင်းတိုက်ထုတ်တာ မလုပ်နိုင်ဘူးဗျ။ ဆားတွေဘာတွေ ဖြူးတာ မလုပ်နိုင်တော့ ကိုယ့်ဟာကိုယ် ဂေါ်ပြားနဲ့ ကားဘီးနစ်နေတဲ့ဟာကို တူးထုတ်ရတယ်။ အဲလောက်အထိကို လမ်းတွေက ဆိုးတယ်။ သူတို့ကလည်း အိမ်ပြင်မထွက်နဲ့လို့တော့ ပြောထားတယ်။ ကျနော်ကလည်း ထွက်ရတဲ့ အခြေအနေဆိုတော့ ထွက်ရတော့ အဲလိုမျိုးဖြစ်တယ်။ ဒီစီလမ်းမှာ ကားတော်တော်များများ ဘယ်ကားမှကို ကောင်းကောင်းသွားလို့မရတော့ဘူး။ အကုန်ပိတ်သွားတဲ့ အနေအထား။ မောင်းလို့ရတဲ့ နေရာလောက်ပဲ မောင်း။ အဲ့လိုမျိုး ထိုးရပ်သွားတဲ့နေရာမှာ အဲ့အတိုင်း ဂေါ်ပြားနဲ့ ကော်ထုတ်၊ ပြီးရင် ဆက်မောင်း။ အဲ့လို သွားနေရတယ်။”

နှင်းမုန်တိုင်း Jonas ဟာ အသက်အန္တရာယ်ဖြစ်တဲ့အထိ ပြင်းထန်နိုင်တဲ့ အန္တရာယ်အဆင့် မုန်တိုင်းအဖြစ် မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းထားသလို အခုဆိုရင် မုန်တိုင်းဖြတ်သန်းရာ အရပ်တွေက စုစုပေါင်း လူ ၉ ယောက် သေဆုံးသွားခဲ့ပါပြီ။ အခု တိုက်ခတ်နေတဲ့ Jonas နှင်းမုန်တိုင်းဟာ အမေရိကန် နှင်းမုန်တိုင်းမှတ်တမ်းမှာ အဆိုးဆုံးမုန်တိုင်း ၁၀ ခုစာရင်းဝင်ဖြစ်ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းဒဏ်ခံစားရသူပေါင်း ၈၅ သန်းကျော်ရှိပြီး၊ နှင်းမုန်တိုင်း သတိပေးချက်အောက်မှာ နေထိုင်နေရသူပေါင်းကတော့ ၃၃ သန်း ရှိပါတယ်။

XS
SM
MD
LG