သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ဘက်နဲ့ အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့ အမေရိကန် ကူညီ


အမေရိကန်ကာကွယ်ရေးဌာနအောက်မှာရှိတဲ့ Hawaii အခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာနနဲ့ မြန်မာနိုင်ငံက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နှစ်ရပ်ပူးပေါင်းပြီး စစ်ဘက်-အရပ်ဘက်ဆိုင်ရာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး သင်တန်း (Photo by Jesse Hall)
အမေရိကန်ကာကွယ်ရေးဌာနအောက်မှာရှိတဲ့ Hawaii အခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာနနဲ့ မြန်မာနိုင်ငံက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နှစ်ရပ်ပူးပေါင်းပြီး စစ်ဘက်-အရပ်ဘက်ဆိုင်ရာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး သင်တန်း (Photo by Jesse Hall)

အမေရိကန်ကာကွယ်ရေးဌာနအောက်မှာရှိတဲ့ Hawaii အခြေစိုက် လုံခြုံရေးဘာသာ ရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာနနဲ့မြန်မာနိုင်ငံက နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် နှစ်ရပ်ပူးပေါင်းပြီး စစ်ဘက်-အရပ်ဘက်ဆိုင်ရာဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ဖို့ သင်တန်းတွေ ကို ခေါ်ယူပို့ချရာမှာ မြန်မာစစ်ဘက်နဲ့ အရပ်ဘက် အရာရှိစုစုပေါင်းအယောက် (၉၀)နီးပါးရှိသွားပြီဖြစ်ပါတယ်။

ဒီလိုသင်တန်းတွေပို့ချခြင်းအားဖြင် မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးမှာ အရပ်ဘက် စစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကြောင်း သင်တန်းတာဝန်ခံဖြစ်တဲ့ အမေရိကန် အရံကာကွယ်ရေးတပ် ဒုတိယဗိုလ်မှူးကြီး၊ ပါမောက္ခ ဒေါက်တာမီးမီးဝင်းဘတ် က ဗွီအိုအေကိုပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

အမေရိကန်ကာကွယ်ရေးဌာနအနေနဲ့ မြန်မာစစ်ဘက်နဲ့ အရပ်ဘက် အရာရှိတွေကို ၂၀၁၃ခုနှစ်က စပြီး သင်တန်းတွေ ပေးခဲ့တာဖြစ်ပါတယ်။ ဒီအခြေနဲ့ပတ်သက်ပြီး အရံကာကွယ်ရေးတပ် ဒုတိယဗိုလ်မှူးကြီး ဒေါက်တာမီးမီးဝင်းဘတ်က အခုလို ဗွီအိုအေကို ရှင်းပြပါတယ်။

“ကျမတို့က စစ်တပ်နဲ့ စစ်တပ်အချင်းချင်းဆက်ဆံရေးမဟုတ်ပါဘူး။ ကျမတို့ရဲ့ institution က ကာကွယ်ရေးဆိုတော့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး နဲ့ပတ်သက်ပြီးတော့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးတွေမှာ စစ်တပ်နဲ့ စစ်တပ်အချင်းချင်းပူးပေါင်းဆောင်ရွက်တာမျိုးတွေရှိတယ်လေ။ ဘယ်လိုများကူညီရမလဲဆိုတာပေါ့။ အဲဒီလို idea အိုင်ဒီယာတွေပေါ့။ ကျမတို့ရဲ့ center အနေနဲ့ ပြောရရင် ကျမတို့က ကာကွယ်ရေး ကိစ္စတွေပါ။ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ institution ဆိုတော့ မြန်မာနိုင်ငံဘက်ကလည်း ကာကွယ်ရေးနဲ့ပတ်သက်ပြီး National Defence College နဲ့ပူးပေါင်းပြီးတော့ ကျမတို့ လုပ်နေပါတယ်။ အဲဒီလိုလုပ်နေတဲ့အခါမှာ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးကို ပိုပြီးတော့ အလေးထားဆောင်ရွက်နေပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးလုပ်နေတဲ့အခါဖြစ်လို့ပါ။”

မေး။ ။ အခုလို မြန်မာစစ်ဘက်နဲ့ အရပ်ဘက်အရာရှိတွေကို သင်တန်းတွေပေးတဲ့ ရည်ရွယ်ချက်နဲ့ ဒီသင်တန်းတွေရဲ့ အကျိုးသက်ရောက်မှုကရော ဘာတွေရှိပါလဲရှင့်။

“သင်တန်းပေးတာကတော့ ကျမတို့ စစ်ဘက်-အရပ်ဘက် ထိထိရောက်ရောက် ပူးပေါင်းနိုင်အောင်၊ နောက် အတွေးအခေါ်တွေ ရင့်ကျက်ခေတ်မှီလာအောင် ပညာပေးလုပ်ငန်းတွေ လုပ်ပေးတာပါ။ ကျမတို့သင်တန်းကို လာတက်တဲ့သူတွေက စစ်ဘက်ကလည်းပါတယ်။ ရဲဘက်ကလည်းပါတယ်။ အရပ်ဘက်ကသူတွေလည်း အများကြီးပါပါတယ်။ အရပ်ဘက်ကဆိုလို့ရှိရင် ကြက်ခြေနီလည်းလာတယ်။ အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ အဖွဲ့အစည်းတွေလည်းလာတယ်။ နောက် လူမှုဖူလုံရေးဘက်ကလည်း လာပါတယ်။ ဒီမှာလာတဲ့အခါကျတော့ ကျမတို့ဆီမှာ လာတက်တဲ့အချိန်ကျလို့ရှိရင် စစ်ဘက် အရပ်ဘက်အရာရှိတွေ အချင်းချင်း ရင်းရင်းနှီးနှီးဆွေးနွေးနိုင်ကြတာ ကျမတွေ့ရပါတယ်။ တချို့ ဒီကျောင်းကနေပြီးလို့ ပြန်သွားကြရင် ဟိုမှာ ပူးပေါင်းလုပ်ဆောင်နိုင်ကြတာ ကျမတွေ့ရပါတယ်။ ဥပမာ- ကြက်ခြေနီအမျိုးသမီးလာတုန်း စစ်ဖက်က ဗိုလ်မှူးကြီးတယောက်နဲ့ အတူတူ သူတို့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံ ဘေးအန္တရာယ်ရောက်တဲ့အချိန်မှာ ဘယ်လိုများပူးပေါင်းကူညီရမလဲ တွေးခေါ်ပြီးတော့ ပိုကောင်းအောင်လုပ်ပေးနေတယ်လို့ ကျမကြားရပါတယ်။

ကျမတို့ဒီမှာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီသောအရပ်ဘက် စစ်ဘက်ဆက်ဆံရေး၊ လူ့အခွင့်အရေး အလေးထားပြီးတော့ ဆက်ဆံနိုင်မယ့် နည်းလမ်းတွေ ကျမတို့ သင်ပေးပါတယ်။ ကျမတို့ဆီကို များသောအားဖြင့် စစ်ဘက်ကလာတဲ့ အရာရှိတွေက တော်တော်များများ (National Defence College) နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က အရာရှိကြီးများလာပါတယ်။ သူတို့ဒီကိုလာပြီး ပြန်သွားတဲ့အခါမှာ ဒီမှာသင်သွားတဲ့ပညာတွေ သူတို့ဟိုမှာ ပြန်ပြီးတော့ ဖြန့်ဝေတယ်လို့ ကျမကြားရပါတယ်။”

အလားတူ အမေရိကန်စစ်တပ်က မြန်မာအပေါ်ထားတဲ့ မူဝါဒကို အမေရိကန်ကာ ကွယ်ရေးဝန်ကြီး ဌာနရဲ့ တောင်နဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ဒုတိယလက်ထောက်ကာကွယ်ရေး ဝန်ကြီး Cara Abercrombie နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရန်ကုန်အခြေစိုက် တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့ ရဲ့အမှုဆောင်ညွန်ကြားရေးမှူး ကိုရဲမျိုးဟိန်းက အခုလိုပြောပြပါတယ်။

“ဒီမိုကရေစီနိုင်ငံတွေမှာ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးမှာ အရပ်သားနိုင်ငံရေးသမားတွေ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရကနေပြီးတော့ စစ်တပ်ကို လွှမ်းမိုးနိုင်ရမယ်။ ထိန်းချုပ်နိုင်ရမယ်ဆိုတဲ့ Civilian Control Over Military ဆိုတဲ့ မူကို ကိုင်ဆွဲထားတယ်။ အဲတော့ တကယ်လို့ ဆက်ဆံရေးတွေဆောင်ရွက်တော့မယ်ဆိုရင် သူတို့အနေနဲ့ အရပ်သားအစိုးရကတဆင့် သူတို့ဆက်ဆံရေးကိုဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းကို အဓိကပြောပြပါတယ်။”

ဒီအတောအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စု၊ ပစိဖိတ်စစ်ဌာနချုပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ချ်ဖီးလ်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြန်မာအစိုးရနဲ့ စစ်ဘက်ဆိုင်ရာ အကြီးတန်း တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ချ်ဖီးလ် အနေနဲ့ အမေရိကန်စစ်တပ်ကို အရပ်သားအစိုးရက ထိန်းကွပ်ထားတဲ့ အခန်းကဏ္ဍအပါအဝင် အမေရိကန် စစ်တပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဘာတွေရှိလဲဆိုတာတွေကို ဆွေးနွေးပြောပြခွင့်ရခဲ့ကြောင်း ရန်ကုန်အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG