သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG အသိအမှတ်ပြုမှုမေးမြန်းချက် ကန်ပြောခွင့်ရ ရေရေရာရာမဖြေ

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price

(Zawgyi/Unicode)

အမေရိကန်အစိုးရ အဆင့်မြင့် တာဝန်ရှိသူတဦးနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တဦးတို့ကြား ဆက်သွယ်ပြောဆိုခဲ့တဲ့အပေါ် NUG ကို အသိအမှတ်ပြုဖို့ အမေရိကန်အစိုးရက စဉ်းစားနေတဲ့လက္ခဏာလားဆိုတဲ့မေးခွန်း ထွက်လာပါတယ်။
ဒီမေးခွန်းနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း အပြတ် ငြင်းဆိုတာမျိုးမရှိသလို ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။


"ပထမဆုံးပြောချင်တာက ဒီမိုကရေစီပြန်ရတာ မြင်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေကြတဲ့ မြန်မာလူထုနဲ့အတူ ကျနော်တို့ ရပ်တည်တယ်ဆိုတာပါပဲ။ မြန်မာလူထုအပေါ် ကျနော်တို့ရဲ့ ခိုင်မာတဲ့ထောက်ခံမှု တစိတ်တပိုင်းအနေနဲ့ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးကို ပြန်ထူထောင်ဖို့ ကြိုးစားနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေနဲ့ ကျနော်တို့ ဆက်သွယ်ပြောဆိုပါတယ်။ ဒီကနေ့အထိဆိုရင် ဒုဝန်ကြီး Sherman သာမက အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာဌာနက တာဝန်ရှိသူတွေအပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်းပါပါတယ်။ သူတို့တွေဟာ NUG ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ဒီဆက်သွယ်မှုကို ပိုပြီး အလေးအနက် ဆက်လုပ်သွားပါမယ်။ ဒုဝန်ကြီး Sherman နဲ့ ဒေါ်ဇင်မာအောင်တို့ ပြီးခဲ့တဲ့သီတင်းပတ်က စကားပြောခဲ့ချိန်အတွင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အမေရိကန်က ဆက်ပြီးထောက်ခံသွားရေးအပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး လုပ်ဆောင်နေဆဲ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်တာကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် COVID-19 ရောဂါကြောင့် ထိခိုက်ခံစားနေရတာနဲ့ မြန်မာလူထုအတွက် အထူးလိုအပ်နေတဲ့ လူသားစာနာမှုအကူအညီ ပေးရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်" လို့ ပြောခွင့်ရ Ned Price ကပြောပါတယ်။


ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဆက်သွယ် ပြောဆိုခဲ့တဲ့သတင်း ထွက်လာပြီးတဲ့နောက် NUG အပေါ် အမေရိကန်အစိုးရရဲ့သဘောထား အပြောင်းအလဲ ရှိလာတော့မလားဆိုတာ ပိုပြီး စိတ်ဝင်စားလာကြတာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူအသီးသီး NUG နဲ့ ဆက်သွယ်ပြောဆိုတာတွေ ရှိထားပါတယ်ဆိုပေမယ့်လည်း ဒုဝန်ကြီး Wendy Sherman ဟာ အခုချိန်ထိဆိုရင် အမေရိကန်အစိုးရအဖွဲ့ထဲက NUG နဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် ဘယ်အဖွဲ့အစည်းကို အသိအမှတ်ပြုမလဲဆိုတာ လာမယ့် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း သုံးသပ်ဆုံးဖြတ်မယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။


Credentials Committee လို့ခေါ်တဲ့ ကုလသမဂ္ဂမှာ နိုင်ငံတွေရဲ့ တရားဝင်ကိုယ်စားပြုမှုကို ဆန်းစစ်သုံးသပ်ပြီး အထွေထွေညီလာခံကို တင်ပြရတဲ့ ကော်မတီကို အဖွဲ့ဝင် ၇ နိုင်ငံနဲ့ ဖွဲ့စည်းထားပါတယ်။ ကျင်းပဖို့ရှိတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် Credentials Committee ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကတော့ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိုက်စ်လန်၊ ပါပူဝါနယူးဂီနီ၊ Trinidad and Tobago ၊ တန်ဇန်းနီးယားနဲ့ ဥရုဂွေးနိုင်ငံတို့ဖြစ်ပါတယ်။

NUG အသိအမှတ်ပြုမှုမေးမြန်းချက် ကန်ပြောခွင့်ရ ရေရေရာရာမဖြေ
please wait

No media source currently available

0:00 0:02:36 0:00
တိုက်ရိုက် လင့်ခ်

(Unicode)


This item is part of
XS
SM
MD
LG