သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု သက်တမ်းတိုးရေး အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ အတည်ပြု


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု သက်တမ်းတိုးရေး အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ အတည်ပြု
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု သက်တမ်းတိုးရေး အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ အတည်ပြု

၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အရေးအခင်းနောက်ပိုင်း မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် အမေရိကန် အစိုးရက အက်ဥပဒေတရပ် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်ခဲ့တဲ့ ၂၀၀၃ ခုနှစ် Burmese Freedom and Democracy Act ကို အမေရိကန် အထက်လွှတ်တော်ရဲ့ အထင်ကရ ကော်မတီဖြစ်တဲ့ ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒီဒဏ်ခတ် ပိတ်ဆို့မှုကို နောက်လမှာ အထက်လွှတ်တော် တရပ်လုံးက မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် အမေရိကန် အစိုးရ ထုတ်ပြန်ခဲ့တဲ့ အက်ဥပဒေ သက်တမ်းတိုးဖို့ မေလထဲမှာ ဝါရင့် လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ မစ်ချ် မက်ကောနယ် (Mitch McConnell)၊ ဒိုင်ယန်း ဖိုင်းစတိုင်း (Dianne Feinstein) နဲ့ ဂျွန် မက်ကိန်း (John McCain) အပါအဝင် အထက်လွှတ်တော်အမတ်တွေ ကမကထပြုပြီး တင်သွင်းခဲ့ကြတဲ့ ဆုံးဖြတ်ချက်အမှတ် SJ-29 နဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ထောက်ခံမဲ ၂၂ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့တဲ့ တဦးတည်းသော ကော်မတီဝင်ဟာ ဝိုင်ယိုးမင်းပြည်နယ် အထက်လွှတ်တော်အမတ် မိုက်ကယ် ဘီ အန်ဇီ (Mike B. Enzi) ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အရေးအခင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် လူရမ်းကားတွေက ရိုက်နှက် သတ်ဖြတ်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့တဲ့နောက်ပိုင်း အမေရိကန် အစိုးရက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ တားမြစ်မှုတွေကို ချမှတ်ခဲ့တာပါ။

အခုချမှတ်တဲ့ စီးပွားရေး ဒဏ်ခတ် အရေးယူမှုတွေနဲ့အတူ အမေရိကန်ရဲ့ ကုန်သွယ်ဘက် တခြားနိုင်ငံတွေက ချမှတ်တဲ့ အရေးယူမှုတွေဟာ မြန်မာနိုင်ငံသားတွေ အပေါ်မှာ စစ်အစိုးရရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေ ရပ်တန့်စေဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ကျင့်ကြံ အုပ်ချုပ်လာစေဖို့အတွက် လိုအပ်တဲ့ ဖိအားတွေဖြစ်ကြောင်း အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်အမတ် မက်စ် ဘောကပ်စ် (Max Baucus) က ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို အာဏာလွှဲပြောင်းမပေးဘဲ အခုထိ အာဏာကို ဆက်လက် ချုပ်ကိုင်ထားတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်နေတယ်လို့ အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ USCB အဖွဲ့ တာဝန်ခံ ဦးအောင်ဒင်ကတော့ အခု အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီရဲ့ အတည်ပြုချက် ရပြီမို့ ဒီဥပဒေကို သက်တမ်းတိုးနိုင်ဖို့အတွက် အထက်နဲ့ အောက်လွှတ်တော်က ဆုံးဖြတ်ချက်တွေကို ရယူဖို့ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။

“၂၀၀၃ ခုနှစ်ကတည်းက ချမှတ်ခဲ့တဲ့ Burmese Freedom and Democracy Act ဆိုတာ ရှိတယ်။ အဲဒီမှာပါတဲ့ အရေးယူမှုထဲမှာ တခုက မြန်မာနိုင်ငံက တင်သွင်းတဲ့ သွင်းကုန်တွေ အမေရိကန် ပြည်ထောင်စုကို ဝင်ရောက်ခွင့် မပြုအောင် ပိတ်ပင်တားဆီး အရေးယူမှု ပါတယ်။ အဲဒီအရေးယူမှုက တနှစ်တခါ သက်တမ်းတိုးရတယ်။ ကွန်ဂရက်စ်က မြန်မာနိုင်ငံ အခြေအနေကို တနှစ်တခါ ပြန်သုံးသပ်မယ်။ ပြီးတော့ ဒီအရေးယူမှုကို သက်တမ်းတိုးသင့်၊ မတိုးသင့် ဆုံးဖြတ်မယ်ပေါ့။

“တနှစ်တခါ သက်တမ်းတိုးလာခဲ့တာ ၂၀၀၃ ခုနှစ်က စပြီးတော့ အခုဆိုရင် ၇ နှစ်မြောက်ပေါ့။ ဒီသက်တမ်းတိုးတဲ့ ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာရော အထက်လွှတ်တော်မှာရော ပြီးခဲ့တဲ့လကတည်းက တင်သွင်းပြီးတော့ အဲဒီ ဥပဒေမူကြမ်းကို စုဝေး အဆိုပြုကြမယ့် ထောက်ခံမှုတွေ စုဆောင်းနေတဲ့ အချိန်ပေါ့။ ဒီနေ့ ပြုလုပ်တာက ဆီးနိတ်က ဘဏ္ဍာရေး ကော်မတီပေါ့၊ ဒီကော်မတီအဆင့်မှာ မူကြမ်းကို သုံးသပ်ပြီး ဒီဥပဒေကို ကော်မတီက အတည်ပြုပေးလိုက်တယ်။ ကော်မတီက အတည်ပြုပေးလိုက်တဲ့ အတွက်ကြောင့် ဒီဥပဒေက ဆီးနိတ်တခုလုံးက မဲခွဲမယ့် အဆင့်ကို ရောက်သွားပြီပေါ့။ ဆီးနိတ်တခုလုံးက မဲခွဲမှာတော့ ရှေ့လာမယ့် ဇူလိုင် ပထမပတ်အကုန်၊ သို့မဟုတ် ဒုတိယပတ် အစလောက်မှာ ဖြစ်ပါလိမ့်မယ်။”

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ အရေးကို ဆောင်ရွက်မယ့် အထူးကိုယ်စားလှယ် ရွေးဖို့ကိစ္စရော၊ အဲဒီအခြေအနေ ဘာကြားပါသေးလဲ။

“အခု ကျနော်တို့ သိသလောက်ကတော့ သမ္မတ အိမ်ဖြူတော်က နိုင်ငံခြားရေးဌာနက တင်သွင်းထားတဲ့ အမည်စာရင်းကို သေချာ စစ်ဆေးနေတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၆ ယောက်လား၊ ၇ ယောက်လားပေါ့၊ အမည်စာရင်းကို သမ္မတ အိမ်တော်ကို တင်သွင်းထားပြီးတော့ သမ္မတ အိမ်တော်က သူတို့ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် တယောက်ကို စဉ်းစားနေတယ်။

“တချိန်တည်းမှာပဲ သမ္မတ အိမ်ဖြူတော်နဲ့ ဆီးနိတ်က အထက်လွှတ်တော်က အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးနေတာလည်း ရှိတယ်။ ဘယ်ပုဂ္ဂိုလ်ကို သူတို့ သဘောကျမလဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတက အမည်စာရင်း တင်သွင်းပြီး ဆီးနိတ်လွှတ်တော်က ဒါကို အတည်ပြုပေးရမှာကိုး။ ဒါကြောင့် အတည်မပြုခင်မှာ နိုင်ငံခြားရေးဌာနက ရွေးချယ် တင်ပို့ထားတဲ့ အမည်စာရင်းကိုပဲ ဆီးနိတ် အထက်လွှတ်တော်က ခေါင်းဆောင်တွေနဲ့ သမ္မတ အိမ်ဖြူတော်က ညှိနှိုင်း တိုင်ပင်နေတယ်လို့ ကျနော်တို့ သိရပါတယ်။”

USCB အဖွဲ့ တာဝန်ခံ ဦးအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG