မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဖို့ အမေရိကန် အစိုးရတာဝန်ရှိသူတွေ စီစဉ်နေပြီး၊ အသေးစိတ်ကို မကြာခင် ကြေညာမှာဖြစ်ကြောင်း သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်နဲ့ မကြာခင် ထပ်မံတွေ့ဆုံဖို့ ရှိတဲ့အကြောင်း နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတင်းထောက်တွေကို သမ္မတ Trump က မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။ မနေ့အစောပိုင်းမှာပဲ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း နောက်တကြိမ် ထိပ်သီးဆွေးနွေးပွဲ အောက်တိုဘာလ နောက်ပိုင်းလောက်မှာ ဖြစ်နိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။
မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ဝန်ကြီး Pompeo ဒီနေ့ အစီရင်ခံတင်ပြဖို့လည်း စီစဉ်ထားတာပါ။ ဆွေးနွေးပွဲအတွက် အခြေအနေကောင်းတွေ ပေါ်ပေါက်လာစေဖို့နဲ့ ထိပ်သီးတွေ့ဆုံရာမှာ တတ်နိုင်သမျှ အောင်မြင်မှုရအောင် အမရိကန်က ကြိုးစားပမ်းစား ဆောင်ရွက်နေကြောင်းနဲ့ အောက်တိုဘာလ၊ ဒါမှမဟုတ် အောက်တိုဘာလ နောက်ပိုင်းလောက်မှာ ထိပ်သီးတွေ့ဆုံပွဲ ဖြစ်နိုင်ကြောင်းလည်း ဝန်ကြီး Pompeo က အမေရိကန်ရုပ်သံ CBS ကိုပြောဆိုထားပါတယ်။ သမ္မတ Trump ကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့ နယူးယောက်မြို့က သတင်းစာရှင်းလင်းပွဲအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်နဲ့ ပတ်သက်လို့ အချိန်သတ်မှတ်ချက် မထားတဲ့အကြောင်း ပြောဆိုခဲ့တာပါ။
မြောက်ကိုရီးယားဘက်က အာမခံချက် တစုံတရာ မရခင်မှာ ထိပ်သီးတွေ့ဆုံခဲ့တဲ့အတွက် အလျှော့ပေးရာရောက်တယ်ဆိုတဲ့ ဝေဖန်မှုတွေကိုလည်း သမ္မတ Trump က ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတုန်းက တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့လည်း အမေရိကန်ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာတွေကို ချွေတာနိုင်ခဲ့တယ်ဆိုပြီး ကာကွယ်ပြောဆိုသွားပါတယ်။