သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Open အမျိုးသားတဦးချင်း ဗိုလ်လုပွဲ Djokovic အနိုင်ရ


နယူးယောက်မြို့မှာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ ၂၀၁၈ ခုနှစ် US Open တင်းနစ်ပြိုင်ပွဲ၊ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ ဆားဘီးယား ဝါရင့် တင်းနစ်အားကစားသမား Novak Djokovic က အာဂျင်တီးနား တင်းနစ်အကျော်အမော် Juan Martin del Potro ကို ၆-၃၊ ၇-၆၊ ၆-၃ နဲ့ သုံးပွဲပြတ် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

Djokovic ဟာ ဒီ US Open ဖလားကို သုံးကြိမ်မြောက် အနိုင်ရတာဖြစ်ပြီး Grand Slam ချန်ပီယံဆုကို ၁၄ ကြိမ်မြောက် အနိုင်ရ တာပါ။

စနေနေ့ကကစားတဲ့ အမျိုးသမီးတဦးချင်းဗိုလ်လုပွဲမှာ ဒုတိယရတဲ့ Serena Williams ကိုတော့ အမေရိကန် တင်းနစ်အဖွဲ့ချုပ်က တနင်္ဂနွေနေ့မှာ ဒဏ်ငွေ ဒေါ်လာ ၁၇,၀၀၀ ချမှတ်လိုက်ပါတယ်။

Serena Williams နဲ့ အသက် ၂၀ အရွယ် ဂျပန်တင်းနစ်မယ် Naomi Osaka တို့ ဗိုလ်လုပွဲမှာ စည်းကမ်းချိုးဖောက်မှု သုံးကြိမ် ကျူးလွန်လို့ဆိုပြီး Serena Williams ဒဏ်ငွေပေးဆောင်ရတာပါ။ အဲဒီပွဲမှာ Naomi Osaka က အနိုင်ရပြီး Grrand Slam တင်းနစ်ပြိုင်ပွဲကြီးတခုမှာ ပထမဆုံးအနိုင်ရတဲ့ ဂျပန်လူမျိုး တင်းနစ်ကစားသမားဖြစ်သွားပါတယ်။

Serena Williams ရဲ့ ပထမချိုးဖောက်မှုက ပြိုင်ပွဲအတွင်း နည်းပြက လမ်းညွှန်ပြသတယ်ဆိုတဲ့ အချက်ဖြစ်ပြီး သတိပေးချက်နဲ့ အတူ ဒဏ်ငွေ ဒေါ်လာ ၃,၀၀၀ ပေးရပါမယ်။ ဒုတိယချိုးဖောက်မှုက တင်းနစ်ရိုက်တံကို ရိုက်နှက်ချိုးဖျက်မှုဖြစ်ပြီး အမှတ်လျှော့ခံရ ပြီးတော့ ဒဏ်ငွေ ဒေါ်လာ ၄,၀၀၀ ပေးရပါမယ်။ တတိယချိုးဖောက်မှုက စည်းကျပ်ဒိုင် Carlos Ramos ရဲ့အဆိုအားဖြင့် Williams က သူအမှတ်လျှော့ခံရတဲ့အချိန်မှာ ဒိုင်လူကြီးကို “သူခိုး” လို့ခေါ်ပြီး နှုတ်အားဖြင့် ကြမ်းတမ်းစွာ ပြောဆိုမှုဖြစ်ပါတယ်။ အဲဒီ အတွက် Williams ဟာ ပွဲငယ်တပွဲကို အရှုံးအဖြစ် ဒဏ်ရိုက်ခံရသလို ဒဏ်ငွေ ဒေါ်လာ ၁၀,၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။

တင်းနစ်အားကစားလောကမှာ အခုလို ဒဏ်ရိုက်တာမျိုးဟာ အတော်လေးကို ရှားရှားပါးပါးဖြစ်တာကြောင့် Serena Wiliams ကို အခုလို ဒဏ်ရိုက်မှုတွေအပေါ် သူ့ရဲ့ပရိသတ်တွေနဲ့ တင်းနစ်အားကစားလောကက ဝေဖန်ပြောဆိုနေကြပါတယ်။

US Open အမျိုးသားတဦးချင်း ဗိုလ်လုပွဲ Djokovic အနိုင်ရ
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG