သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ငြိမ်းချမ်းရေးစေတမန်အဖွဲ့ မြန်မာနိုင်ငံတာဝန်ခံနှင့် တွေ့ဆုံမေးမြန်းခြင်း


Peace Corps ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Maura Fulton
Peace Corps ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Maura Fulton

မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက ငြိမ်းချမ်းရေး စေတမာန်အဖွဲ့ Peace Corps ရဲ့ ပထမဆုံး စေတနာ့ဝန်ထမ်း အဖွဲ့တဖွဲ့ဟာ ပညာရေးကဏ္ဍမှာ အကူအညီပေးဖို့ ဒီသီတင်းပတ်ကုန်မှာပဲ မြန်မာနိုင်ငံကို ရောက်လာပါတယ်။ ၂၀၁၄ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ကိုယ်တိုင် ကြေညာခဲ့တဲ့ Peace Corps ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Maura Fulton ကို ကိုအောင်လွင်ဦး က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး။ ။ အရင်ဆုံး အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှုနဲ့ စပါရစေ။ ခေါင်းဆောင် ၂ ယောက် တွေ့ဆုံမှုအပြီးမှာ ကြေညာချက်တစောင်ထုတ်ပါတယ်။ ဒီအထဲမှာ အထူးသဖြင့်ကတော့ Peace Corps စေတနာ့ဝန်ထမ်းတွေ မြန်မာနိုင်ငံရောက်လာမယ့်အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဆိုတော့ ၂ နိုင်ငံ ဆက်ဆံရေးမှာ Peace Corps ရဲ့ အခန်းကဏ္ဍက ဘယ်လောက်တောင်များ အရေးပါပါသလဲ။

ဖြေ။ ။ ပူးတွဲကြေညာချက်ထဲမှာ ပထမအသုတ် Peace Corps စေတနာ့ဝန်ထမ်းတွေအကြောင်း ဖော်ပြတာတွေ့တော့ တကယ့်ကို ဝမ်းသာကျေနပ် ဖြစ်မိပါတယ်။ ဒါဟာ အမေရိကန်က မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံလာတဲ့နေရာမှာ အင်မတန်လည်း အရေးကြီးပါတယ်။ ဒါဟာ ဆက်ဆံရေးတွေ ပိုမိုနက်ရှိုင်း၊ ကျယ်ပြန့်လာနေတာကို ပြသနေတာပါ။ လူထုကြားမှာ အပြန်အလှန်နားလည်အောင် ဆောင်ရွက်ရာမှာ Peace Corps အဖွဲ့ဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေကြား ဆက်ဆံရေးတွေ နက်ရှိုင်းကျယ်ပြန့်အောင် ဆောင်ရွက်ဖို့ အမေရိကန်က စိတ်ဝင်စားတယ်ဆိုတာကို ပြသရာလည်း ရောက်ပါတယ်။

မေး။ ။ ပထမအသုတ် Peace Corps စေတနာ့ဝန်ထမ်းတွေလည်း ရောက်လာကြပြီလို့ နားလည်ထားပါတယ်။ ဒီလူတွေအနေနဲ့ ဘယ်ကဏ္ဍတွေနဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးတွေမှာ ပါဝင်ကြမှာပါလဲခင်ဗျ။

ဖြေ။ ။ ပထမအသုတ် စေတနာ့ဝန်ထမ်းအဖွဲ့မှာတော့ အစပျိုးလုပ်ငန်းတွေလုပ်ကြမယ့် အမေရိကန် Peace Corps အဖွဲ့ဝင် ၆ ယောက် ပါဝင်မှာဖြစ်ပြီး၊ သူတို့အနေနဲ့ အင်္ဂလိပ်စာပို့ချမယ့် ပညာရေးအစီအစဉ်မှာ ပါဝင်ကြမှာပါ။ ဒီကဏ္ဍဟာ ကျမတို့နဲ့ လက်တွဲဘက် မြန်မာအစိုးရနဲ့အတူ ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ထားတဲ့ ကဏ္ဍတခုလည်း ဖြစ်ပါတယ်။ စေတနာဝန်ထမ်းတွေဟာ ရန်ကုန်တိုင်း ဒေသကြီးထဲက မြို့နယ် ၆ ခုမှာရှိတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း ၆ ကျောင်းမှာ စလုပ်ကြမှာပါ။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့လည်း ကျမတို့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဆရာတွေ အရည်အသွေးမြှင့်တင်ရေးနဲ့ ကျောင်းသားတွေကို အင်္ဂလိပ်ဘာသာနဲ့ လမ်းညွှန်ချက်နိုင်အောင်လုပ်ရာမှာ ကျမတို့က အကူအညီပေးမယ့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က အားပေးပါတယ်။ ဒါကြောင့်လည်း ရန်ကုန်မှာ အရင်စလုပ်ပြီး၊ နောက်ပိုင်းမှာ တိုးချဲ့သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး။ ။ ဒါဆိုရင် အခုကတော့ အစပထမပဲ ရှိဦးမှာပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။ တကယ့်အစပဲ ရှိပါသေးတယ်။ ရေရှည်ခံပြီး၊ အသီးအပွင့်တွေ ခံစားရမယ်လို့ မျှော်လင့်ထားတဲ့ ဆက်ဆံရေးရဲ့ အစပထမပါ။

မေး။ ။ ကျနော်နားလည်ထားသလောက်ဆိုရင်၊ Peace Corps ရဲ့ အစီအစဉ်တွေကို သမ္မတ အိုဘားမားရဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ မြန်မာနိုင်ငံခရီးစဉ်မှာ ပထမဆုံး ကြေညာသွားခဲ့တာပါ။ အခုဆိုရင် ၂ နှစ်နီးပါးရှိသွားပါပြီ။ ဘာကြောင့်ဒီလောက် အချိန်ယူခဲ့ရတာလဲ။

မှန်ပါတယ်၊ သမ္မတအိုဘားမား ၂၀၁၄ ခုနှစ်နှောင်းပိုင်းတုန်းက ဒီကိုအလည်အပတ်ရောက်လာချိန်မှာ မြန်မာနိုင်ငံနဲ့ Peace Corps တို့ ဆက်ဆံရေးကို ကြေညာသွားခဲ့တာပါ။ ၂၀၁၅ နှစ်ဆန်းပိုင်းမှာတော့ ကျမတို့ရဲ့ အမေရိကန် ဝန်ထမ်းတချို့ ဒီမှာရောက်နေပြီး အစီအစဉ် အကောင်အထည်ဖော်နိုင်အောင် စတင်အုတ်မြစ်ချခဲ့ကြပါတယ်။ လုပ်ငန်းစဖို့၊ အသစ်စက်စက် အစီအစဉ်တခုကို စတင်နိုင်ဖို့ကတော့ အချိန်ယူရပါတယ်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ သမိုင်းဝင်ရွေးကောက်ပွဲတွေ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အတွက်လည်း ကျမတို့အစီအစဉ်မှာ အနည်းငယ်ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၅ ခုနှစ်ထဲမှာ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေမှာ မဆိုသလောက် တုံ့ဆိုင်းသွားတာမျိုး ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာတော့ မြန်မာရုံးဝန်ထမ်းအဖွဲ့တခု အပါအဝင် ကျမတို့ ဝန်ထမ်းတွေ ထပ်ခန့်ထားပြီး၊ ပထမဆုံးအသုတ် စေတနာ့ဝန်ထမ်းတွေ ရောက်လာဖို့အတွက် မနားမနေ ပြင်ဆင်ခဲ့ရပါတယ်။

မေး။ ။ မြန်မာနိုင်ငံအနေနဲ့ Peace Corps ရဲ့ အစီအစဉ်ကနေ ယေဘုယျအားဖြင့် ဘာတွေများ မျှော်လင့်လို့ရမလဲ။

ဖြေ။ ။ Peace Corps ရဲ့ လုပ်ငန်းတွေဟာ ၁၉၆၁ ခုနှစ်ကနေ စခဲ့တာ၊ အခုဆိုရင် ၅၅ နှစ် ရှိပြီဖြစ်ပေမဲ့လည်း ပြောင်းလဲမသွားပါဘူး။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ တိုးမြှင့်ဖို့ပါ။ ၁၉၆၁ ခုနှစ်ကတည်းက ထားရှိခဲ့တဲ့ ရည်မှန်းချက် ၃ ခုဟာလည်း အခုအချိန်အထိ အပြောင်းအလဲ မရှိပါဘူး။ ပထမတခုကတော့ အကူအညီတောင်းခဲ့တဲ့ တိုင်းပြည်တွေကို ကျွမ်းကျင်မှုပိုင်းမှာ အကူအညီပေးဖို့ပါ၊ မြန်မာနိုင်ငံမှာလည်း ကျမတို့ကို ဖိတ်ကြားတဲ့အတွက် အခုလို လာရောက်ရတာပါ။ ဒုတိယနဲ့ တတိယ ရည်မှန်းချက်တွေကတော့ အမေရိကန် စေတနာ့ဝန်ထမ်းတွေနဲ့ သူတို့အကူအညီပေးခဲ့တဲ့ သူတို့ကြား အပြန်အလှန် ယဉ်ကျေးမှုနဲ့ နားလည်မှုတွေ ဖလှယ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရတို့ အနေနဲ့ Peace Corps စေတနာ့ဝန်ထမ်းတွေဆီက မျှော်လင့်နိုင်တာကတော့ လိုအပ်ချက်တွေ၊ ဦးစားပေးရမယ့် ကိစ္စတွေအတွက် အထောက်အကူ ဖြစ်စေမယ့် ကျွမ်းကျင်မှုအကူအညီတွေ ရနိုင်ဖို့ပါ။ အခုဒီနေရာမှာတော့ အင်္ဂလိပ်စာလို ပညာရေးကဏ္ဍမျိုးမှာ အကူအညီရဖို့ပါ။ တချိန်တည်းမှာပဲ ချစ်ကြည်ရင်းနှီးမှုကိုလည်း မျှော်လင့်နိုင်ပါတယ်။ ယဉ်ကျေးမှုဖလှယ်မှုတွေ၊ အပြန်အလှန် ယဉ်ကျေးမှုတွေကို လေးစားမှုတွေလို မြန်မာနဲ့ အမေရိကန် ပြည်သူတွေကြား ဆက်ဆံရေးတွေ ပိုမိုခိုင်မြဲလာစေနိုင်ပါတယ်။ စေတနာ့ဝန်ထမ်းတွေ အနေနဲ့ ကောင်းကောင်းလုပ်နိုင်တာ တခုကတော့ မြန်မာ့ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေ၊ စံတန်ဘိုးတွေကို အိမ်ပြန်ရောက်တဲ့အခါ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပြန်လည်မျှဝေပေးနိုင်တာပဲ ဖြစ်ပါတယ်။ Facebook တွေ ဘလော့ဂ် စာမျက်နှာတွေ၊ ဆောင်းပါးတွေနဲ့ အမေရိကန် ပြည်ထောင်စုကို ပြန်ရောက်လာတဲ့အခါမှာ အတွေ့အကြုံတွေကို ဝေမျှနိုင်ကြပါတယ်။

မေး။ ။ ဒါတွေကတော့ စေတနာ့ဝန်ထမ်းတွေ နေရပ်ပြန်တဲ့အခါ သယ်လာကြမယ့် အရာတွေပေါ့လေ။ ဒါနဲ့ မေးစရာတခုက Peace Corps အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ရတဲ့အခါ ဘယ်လိုစိမ်ခေါ်မှုမျိုးတွေ ရင်ဆိုင်ရလိမ့်မယ်လို့ရော မျှော်လင့်ထားသလဲ။

ဖြေ။ ။ ကျမတို့ အတွက်ကတော့ အသစ်စက်စက် အစီအစဉ်ဖြစ်သလို၊ ကျမတို့ကိုယ်တိုင်ကလည်းအသစ်၊ လုပ်ငန်းတွေကလည်း အခုမှ စကာစဆိုတော့၊ လုပ်ငန်းသစ်တွေအစမှာ တွေ့ရလေ့ရှိတဲ့အတိုင်း စိန်ခေါ်မှုတွေတော့ ရှိပါတယ်။ Peace Corps အနေနဲ့ ပထမ ဦးစားပေး ကိစ္စတခုကတော့ စေတနာ့ဝန်ထမ်းတွေ ဘေးကင်းလုံခြုံမှုနဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ပါ။ ဒါကြောင့်လည်း ဘေးရန်ကင်းကင်းနဲ့ ကျန်းမာရေးအတွက် သင့်တော်မယ့် နေရာမျိုးတွေမှာ သူတို့ကို တာဝန်ပေးနိုင်အောင် လုပ်ရပါတယ်။ ဒါမှလည်း အလုပ်ကောင်းကောင်း လုပ်နိုင်ကြမှာပါ။ ဒါက ကျမတို့အတွက် အထူးသတိထားရမယ့်ကိစ္စတခု ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့အလုပ်လုပ်ကြမယ့် ကျောင်းတွေနဲ့ ပတ်ဝန်းကျင်တွေဟာ လုံခြုံမှုရှိတဲ့ နေရာမျိုးတွေ ဖြစ်အောင် ရွေးချယ်ရပါတယ်။ ကျမတို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ မြန်မာအစိုးရကလည်း တကယ့်ကို ပူးပေါင်းကူညီပါတယ်။ အစိုးရအနေနဲ့လည်း အလားတူ သဘောထားတယ်ဆိုတာ ကျမတို့ နားလည်ပါတယ်။ ကျောင်းတွေမှာ အလုပ်လုပ်နိုင်အောင် စေတနာ့ဝန်ထမ်းတွေ ဘေးကင်းလုံခြုံပြီး၊ ကျန်းကျန်းမာမာ ရှိစေချင်ကြပါတယ်။

မေး။ ။ အခုကတော့ ပညာရေးကဏ္ဍမှာ လုပ်ငန်းတွေ စတင်နေတာပေါ့လေ။ နောက်ထပ်တခြား ကဏ္ဍတွေမှာ တိုးချဲ့သွားဖို့ရော ရည်မှန်းထားသေးလဲ။

ဖြေ။ ။ ပထမ ၂ နှစ်ကတော့ အင်္ဂလိပ်စာသင်ကြားရေးကို အာရုံစိုက်ဆောင်ရွက်သွားမှာပါ။ ၂၀၁၃ ခုနှစ်တုန်းက Peace Corps အဖွဲ့ ဒီမှာလာပြီး ဆန်းစစ်အကဲဖြတ်ခဲ့စဉ်က၊ ကျန်းမာရေးဟာလည်း ဦးစားပေးကိစ္စတခုဖြစ်တယ်လို့ ကျမတို့ နားလည်ထားပါတယ်။ ဒါကြောင့်လည်း ပုံမှန်အားဖြင့်ကတော့ ကဏ္ဍတခုကနေ လုပ်ငန်းတွေ စတင်မှာပါ၊ အစီအစဉ်တခုကို စတင်ထူထောင်ပြီး၊ နှစ်အနည်းငယ်အတွင်း အားကောင်းလာအောင် လုပ်မှာပါ။ ဒီနောက်မှာတော့ လက်တွဲဖက် အစိုးရရဲ့ လိုအပ်ချက်တွေနဲ့ ဦးစားပေး အခြေအနေတွေအပေါ် မူတည်ပြီး တခြားကဏ္ဍတွေမှာလည်း တိုးချဲ့သွားမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG