သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားအပေါ် ရင့်သီးခဲ့မှု ဖိလစ်ပိုင်ခေါင်းဆောင် နောင်တရ


အမေရိကန်သမ္မတ Barack Obama ကို ရင့်သီးရိုင်းပြတဲ့ အသုံးအနှုန်းသုံးပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် ပြောဆိုခဲ့တဲ့အတွက် နောင်တရမိကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က အင်္ဂါနေ့မှာ ပြောပါတယ်။

သူတို့ရဲ့ အဓိကရည်ရွယ်ချက်ဟာ သီးခြား လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ် အကောင်အထည်ဖော်နေတဲ့ တချိန်ထဲမှာပဲ နိုင်ငံတိုင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဖြစ်ပေါ်အောင် အားပေး လုပ်ဆောင်သွားဖို့ ဖြစ်ကြောင်း၊ အထူးသဖြင့် ကာလရှည်ကြာစွာ မိတ်ဆွေအဖြစ် ရပ်တည်လာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ရှိအောင် လုပ်ဆောင်သွားဖို့ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ Duterte အာဏာရလာတဲ့ ဇွန်လကစလို့ ဖိလစ်ပိုင်မှာ မူးယစ်ဆေးရောင်းသူ၊ သုံးစွဲသူ ၂ ထောင်ကျော် တရားဥပဒေမဲ့ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ သမ္မတ အိုဘားမားအနေနဲ့ သူ့ကို သြဝါဒလာ မပေးဖို့ လာအိုနိုင်ငံမှာ ကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲကို မထွက်ခွာခင် သမ္မတ Duterte က သတိပေး ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

သမ္မတအိုဘားမားကို အရိုအသေတန်အောင်နေ၊ မေးခွန်းတွေပဲ လျှောက်မေးမနေနဲ့၊ ခင်ဗျားကို ဆွေးနွေးပွဲကျရင် ဆဲလိုက်ရဆိုပြီး ရင့်သီးတဲ့အသုံးအနှုန်းသုံးပြီး သမ္မတ Duterte က သတိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလိုပြောခဲ့ပြီး အစမှာ သမ္မတအိုဘားမားက ဖိလစ်ပိုင်သမ္မတဟာ စိတ်ဝင်စားစရာ ကောင်းသူဖြစ်တယ်လို့ဆိုပြီး သူနဲ့ စီစဉ်ထားတဲ့အတိုင်း တွေ့မယ်လို့ ပြောခဲ့ပါတယ်တယ်။ ဒါပေမဲ့ နာရီပိုင်းအကြာမှာတော့ သမ္မတအိုဘားမားနဲ့ သမ္မတ Duterte အင်္ဂါနေ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်လိုက်ပြီး သမ္မတက တောင်ကိုရီးယားသမ္မတ Park Geun-hye နဲ့ တွေ့ဆုံခဲ့ပါတယ်။

Duterte ကတော့ သမ္မတ အိုဘားမားနဲ့ အခုလို တွေ့ဆုံမှု ဖျက်သိမ်းလိုက်ပေမယ်လို့ နောက်ပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ၂ ဘက် သဘောတူထားတဲ့အကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော် လက်ထောက်အမျိုးသားအကြံပေးပုဂ္ဂိုလ် Ben Rhodes ကတော့ သမ္မတ အိုဘားမားနဲ့ ဖိလစ်ပိုင်သမ္မတတို့ဟာ အာဆီယံခေါင်းဆောင် ညီလာခံတွေမှာ အတူရှိနေကြမှာဖြစ်တဲ့အတွက် တခြားခေါင်းဆောင်တွေနည်းတူ တွေ့ဆုံဖို့ ရှိပေမယ့် နှစ်နိုင်ငံ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ အင်္ဂါကနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG