အတွေးအခေါ်ပိုင်းအရ နှစ်ခြမ်းကွဲနေတဲ့ အမေရိကန် မဲဆန္ဒရှင်တွေဟာ လာမယ့် အင်္ဂါနေ့မှာ သမ္မတရွေးကောက်ပွဲအတွက် မဲပေးကြတော့မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump တို့ ၂ ဦးကြား အယူအဆ နှစ်ခြမ်းကွဲမှုဟာ အမေရိကန်နိုင်ငံအတွင်း ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိလာနေတဲ့ မတူညီမှုတွေရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ဘယ်သူပဲ သမ္မတအဖြစ် ချယ်ကောက် တင်မြောက်ခံရသည်ဖြစ်စေ အဲဒီလို ကွဲပြားနေမှုတွေဟာ ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေး ပြောဆိုနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Jim Malone ဝါရှင်တန် ဒီစီမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
သမ္မတလောင်း ၂ ဦးဖြစ်ကြတဲ့ Hillary Clinton နဲ့ Donald Trump တို့ဟာ ရွေးကောက်ပွဲနေ့မရောက်ခင် နောက်ဆုံး ကျန်နေတဲ့ အချိန်တွေမှာ သူတို့ကို အမာခံ ထောက်ခံကြသူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးဖြစ်အောင် ပေး ကြဖို့အတွက် မဲဆွယ် စည်းရုံးနေကြပါတယ်။
Trump ကတော့ Swing State လို့ခေါ်တဲ့ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးတဲ့ ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ် စည်းရုံးနေပါတယ်။
Donald Trump: “ကျွန်တော်တို့ရဲ့ မိသားစုတွေ၊ လူမှုအသိုင်း ဝိုင်းတွေ၊ နိုင်ငံ သားတွေဖြစ်တဲ့ ခင်ဗျားလက်ထဲကို အောင်မြင်မှု မရှိတဲ့ နိုင်ငံရေး အသိုင်းဝိုင်း လက်ထဲကနေ တိုင်းပြည်အာဏာကို ပြောင်းလဲနိုင်ဖို့ ကျနော်တို့အနေနဲ့ လက်တကမ်းပဲ လိုပါတော့တယ်။”
Clinton ကတော့ အစဉ်အလာအားဖြင့် ရီပတ်ဘလီကန်ပါတီကိုသာ မဲပေးလေ့ရှိတဲ့ Arizona ပြည်နယ်မှာ မဲဆွယ် စည်းရုံးနေပါတယ်။
Hillary Clinton: “ရှင်တို့ရဲ့ သားသမီးတွေ၊ မြေးတွေကနေ အင်မတန် အရေးပြီး အကောင်းနဲ့အဆိုးအတွက် ဆုံးဖြတ်ရတော့မယ့် ၂၀၁၆ ခုနှစ်တုန်းက ဘာလုပ်ခဲ့သလို့ မေးလာတဲ့အခါ ငါတို့ကတော့ ပိုမိုကောင်းမွန်တဲ့၊ ပိုမို အင်အားတောင့်တင့်တဲ့၊ ပိုမိုပြီး ညီညွတ် မျှတမှုရှိတဲ့ အမေရိကန်နိုင်ငံကြီးအတွက် မဲပေးခဲ့ကြတယ်ဟေ့လို့ ပြောကြစေလိုပါတယ်။”
သမ္မတလောင်း ၂ ဦးစလုံးကတော့ သူတို့ကို အခိုင်အမာထောက်ခံသူတွေကို ပစ်မှတ်ထား မဲဆွယ် စည်းရုံးနေကြပြီး Clinton ကတော့ သမ္မတ Barack Obama ကို ၂ ကြိမ်တိုင်တိုင် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခဲ့တဲ့ ညွန့်ပေါင်း အဖွဲ့ ပြန်အားကောင်းလာပြီး ထောက်ခံမှုတွေ ရလာဖို့ မျှော် လင့်နေကြောင်း ရီပတ်ဘလီကန် နိုင်ငံရေးဗြူဟာမှူး John Feehery က ပြောပါတယ်။
John Feeery: “အဲဒီ အုပ်စုဟာ အလယ်အလတ်ဝါဒီ၊ တိုးတက်တဲ့ အတွေး အခေါ်ရှိပြီး မတူညီတဲ့ လူမျိုးစုပေါင်း များစွာနဲ့ ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအ ဖွဲ့ဖြစ်ပါတယ်။ ရီပတ်ဘလီကန်ပါတီကတော့ မတူညီတဲ့ ရှေးရိုးစွဲဝါဒတွေကို ယုံကြည်တဲ့ လူဖြူ မဲဆန္ဒရှင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။”
ပါတီတခု၊ အတွေးအခေါ်အယူအဆတခုကို အခိုင်အမာ ယုံကြည် ထောက်ခံ ထားပြီးဖြစ်တဲ့ မဲဆန္ဒရှင်တွေ ကိုယ့်ဘက်ကို ပါလာအောင်၊ ကိုယ့်ကို မဲပေးအောင် စည်းရုံးရတဲ့အတွက် ခက်ခဲမှုတွေ ရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ Jennifer Lawless က ပြောပါတယ်။
Jennifer Lawless: “နိုင်ငံရေးအယူအဆကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်စား လှယ်လောင်းရဲ့ ကျား/မ ဆိုတဲ့ လိင်ကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လဲ ကိုယ်မကြိုက်နှစ်သက်တဲ့ အကြောင်းအရာ တခုခုကြောင့်ပဲဖြစ်ဖြစ် တဘက်ဘက်ကို ကူးပြောင်းပြီး မဲပေးမယ်ဆိုတဲ့ အချိန်ကာလကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။”
အင်္ဂါနေ့မှာ ဘယ်လိုအဖြေမျိုးပဲထွက်လာလာ တဘက်ထဲကို အခိုင်အမာ ယုံကြည်ပြီး သူတွေရဲ့ အနေအထားကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ သမိုင်းပညာရှင် Allan Lichtman က ပြောပါတယ်။
Allan Lichtman: “ဘယ်သမ္မတလောင်းပဲ အနိုင်ရရ၊ နိုင်ငံရေးအရ အယူအဆ ကွဲပြားမှုတွေဟာ ဒီထက်ပိုဆိုးလာဖို့ပဲ ရှိတယ်လို့ ကျနော်ထင်ပါတယ်။ Donald Trump က အမေရိကန် အတော်များများကို နှိမ်ချ ပြောဆိုတာတွေ လုပ်ခဲ့တဲ့အပြင် သူသာ အနိုင်ရရင် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ကို ထောင်ချပစ်မယ် ဆိုတဲ့အထိပါ ပြောခဲ့ဘူးတော့ Clinton ကို ထောက်ခံသူတွေက Donald Trump သမ္မတဖြစ်တာကို တရားဝင် လက်ခံကြမှာ မဟုတ်ပါဘူး။”
Clinton အနိုင်ရလိုက်ရင်လည်း Trump ကို ထောက်ခံသူတွေက ရန်လုပ်ကြမှာပဲလို့ ရီပတ်ဘလီကန် နိုင်ငံရေးဗျူဟာမှူး Scott Falkner က ပြောပါတယ်။
ဒါပေမယ့် အရေးအကြီးဆုံး မေးခွန်းကတော့ - ဘယ်သူပဲ ရွေးကောက်ပွဲမှာ အနိုင်ရရ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်မှာ အဲဒီလူက တိုင်းပြည် စည်းလုံး ညီညွတ်မှုရှိအောင် လုပ်ဆောင်ပေး နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ပဲဖြစ်တယ်လို့ သမိုင်းပညာရှင် Lee Edwards က ပြောပါတယ်။
Lee Edwards: “သူတို့အနေနဲ့ နိုင်ငံရေး အယူအဆ ကွဲပြားမှုတွေ ပပျောက်သွားအောင်နဲ့ ပြည်သူ ပြည်သားတွေ ညီညွတ်မှုရှိအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက် တင်မြောက်ခံရသူဟာ အားလုံးရဲ့ သမ္မတဖြစ်တဲ့အတွက် အဲဒီလို စည်းလုံး ညီညွတ်အောင် လုပ်ဖို့ အဲဒီလူမှာ တာဝန်ရှိပါတယ်။”
တိုင်းပြည်အတွင်း ဆယ်စုနှစ်ပေါင်းများစွာ သိသာတဲ့ မတူ ကွဲပြားမှုတွေ တည်ရှိလာခဲ့တာကြောင့် Clinton ပဲဖြစ်ဖြစ်၊ Trump ပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူအတွက် အကြီးမားဆုံး နိုင်ငံရေးအရ စိန်ခေါ်မှုဟာ တိုင်းသူ ပြည်သားတွေ စည်းလုံး ညီညွတ်မှုရှိအောင် လုပ်ဆောင်ပေးရေး ပဲ ဖြစ်ပါတယ် ခင်ဗျား။