သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးကိစ္စ လူထု မကျေနပ်မှု မီဒီယာတွေကို သမ္မတ Trump အပြစ်တင်


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

အမေရိကန် ပြည်ထောင်စုက ထင်ရှားတဲ့ ဒီမိုကရက်ပါတီဝင် တချို့အပါအဝင် နေရာတော်တော်များများကို ပေးပို့ခဲ့တဲ့ ဗုံးလို့သံသယရှိတဲ့ အထုပ်တွေကို အာဏာပိုင်တွေ ထပ်မံသိမ်းဆည်း ရမိနေချိန်မှာပဲ သမ္မတ Donald Trump ကတော့ နိုင်ငံရေး အခြေအနေတွေအပေါ် မကျေမနပ် ဒေါသထွက်နေတာဟာ သတင်းမီဒီယာတွေကြောင့်ဆိုပြီး ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဒီနေ့အချိန်မှာ လူ့အသိုင်းအဝန်းကြား တွေ့မြင်နေရတဲ့ အမျက်ဒေါသတွေဟာ မမှန်မကန်သတင်းတွေကို ဖော်ပြနေတဲ့ သတင်းဌာနကြီးတွေကြောင့် အဓိက ဖြစ်ရတဲ့အကြောင်း ဒီနေ့အစောပိုင်းမှာပဲ Twitter လူမှုကွန်ယက်ကနေ ပြောဆိုလိုက်တာပါ။

ဆိုးရွားလာနေတဲ့ အခြေအနေတွေနဲ့ မုန်းတီးမှုတွေဟာ ဖော်ပြလို့ မရလောက်အောင် ကြီးထွားလာနေတဲ့အတွက် သတင်းမီဒီယာကြီးတွေက အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေပြီလို့လည်း ပြောဆိုခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် Robert De Niro နဲ့ ဒုသမ္မတဟောင်း Joe Biden ထံ ပေးပို့ခဲ့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ပါဝင်တယ်လို့ မသင်္ကာတဲ့ အထုပ်တွေကို ဒီနေ့ထပ်မံတွေ့ရှိခဲ့ချိန်မှာပဲ သမ္မတရဲ့ ပြောဆိုချက်ထွက်ပေါ်လာခဲ့တာပါ။

အခုဆိုရင်တော့ တနင်္လာနေ့ကစလို့ အမေရိကန်က နေရာတော်တော်များ ရှာဖွေတွေ့ရှိခဲ့တဲ့ မသင်္ကာစရာ အထုပ် ၉ ခုအထိ ရှိသွားပါပြီ။ နယူးယောက်ရဲတပ်ဖွဲ့ကတော့ မသင်္ကာစရာ အထုပ်ကို ရုပ်ရှင်သရုပ်ဆောင် Robert De Niro ပိုင်ဆိုင်တဲ့ ကုမ္ပဏီတခုကို ပေးပို့ခဲ့တာဖြစ်ပြီး၊ သမ္မတဟောင်း Barack Obama နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ထင်ရှားတဲ့ ဒီမိုကရက်ပါတီဝင်တွေထံ ပေးပို့ခဲ့တာတွေနဲ့ ဆင်တူကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နယူးယောက်မြို့ Tribeca ရပ်ကွက်မှာ တွေ့ရှိခဲ့တဲ့ အထုပ်ကိုတော့ နယူးယောက် ဗုံးရှင်းလင်းရေးတပ်ဖွဲ့က အထူးသယ်ဆောင်ရေး ယာဉ်တစင်းနဲ့ သယ်ထုတ်သွားခဲ့တာပါ။ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ကလည်း Delaware ပြည်နယ်က စာတိုက်ကို စုံစမ်းစစ်ဆေးသူတွေ စေလွှတ်ခဲ့ပြီး New Castle ခရိုင်မှာ နေထိုင်နေတဲ့ ဒုသမ္မတဟောင်း Biden ထံ လိပ်မူထားတဲ့ အနည်းဆုံး အထုပ်တထုပ်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့တာပါ။

အလားတူ မသင်္ကာစရာ အထုပ်တွေကို ရှေ့နေချုပ်ဟောင်း Eric Holder ထိပ်တန်း ဒီမိုကရက်အမတ် ၂ ဦးနဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲဟောင်း John Brennan တို့ထံကိုလည်း လိပ်စာတပ် ပေးပို့ခဲ့တာပါ။ CIA ညွန်ကြားရေးမှူးဟောင်း Brennan ထံလိပ်စာတပ်ထားတဲ့ အထုပ်ကို တဆင့်ခံပေးပို့ခဲ့တဲ့ အမေရိကန်ရုပ်သံ CNN ရဲ့ နယူးယောက်ရုံးခွဲရှိရာ Time Warner Center မှာလည်း မနေ့တုန်းက အရေးပေါ် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG