သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

West Virginia သမ္မတလောင်းရွေးကောက်ပွဲ Bernie Sanders အနိုင်ရ


အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု West Virginia ပြည်နယ်မှာ ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီတွင်း ပဏာမရွေးကောက်ပွဲမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders က အနိုင်ရရှိသွားခဲ့ပါတယ်။

အမေရိကန် သမ္မတလောင်းအတွက် ပါတီတွင်း ပဏမ ရွေးကောက်ပွဲတွေကို West Virginia ပြည်နယ်နဲ့ Nebraska ပြည်နယ်တွေမှာ ကျင်းပခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေက မဲဆန္ဒရှင်တွေ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီက Bernie Sanders နဲ့ Hillary Clinton တို့ကတော့ West Virginia ပြည်နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီးနောက် - Bernie Sanders က အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ လစ်လပ်နေတဲ့ ပြည်နယ် တရားရုံးချုပ် တရားသူကြီး နေရာအတွက်လည်း West Virginia ပြည်သူတွေ တခါတည်း မဲပေးကြတာပါ။

ရီပတ်ဗလစ်ကန် ပါတီအတွက်တော့ တယောက်တည်း ကျန်တော့တဲ့၊ ပါတီရဲ့ သမ္မတလောင်း ဖြစ်လာ တော့မယ်လို့ ခန့်မှန်းထားတဲ့ သူဌေးကြီး Donald Trump အတွက် West Virginia ပြည်နယ်နဲ့ Nebraska ပြည်နယ်၊ ပြည်နယ် နှစ်ခုစလုံးမှာ ပဏာမရွေးကောက်ပွဲတွေ ကျင်းပပါတယ်။ ဒီမိုကရက် တစ်ပါတီအတွက် ပြီးခဲ့တဲ့ မတ်လကကတတည်းက Nebraska ပြည်နယ်မှာ ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး Bernie Sanders အနိုင်ရခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းဖြစ်နိုင်ခြေ ကိုယ်စားလှယ် အများအပြားရထားပြီး ရှေ့က ပြေးနေတဲ့ ဟီလာရီကလင်တန်ကို ဒီလစောစောပိုင်းကပဲ West Virginia ပြည်နယ် ဒေသခံတွေက တွေ့ဆုံချိန်မှာ ထောက်ခံကြောင်း မပြခဲ့ကြပါဘူး။

West Virginia ပြည်နယ်ဟာ ကျောက်မီးသွေးတွင်း တူးတဲ့ လုပ်ငန်းတွေ အများအပြား ရှိတဲ့ ပြည်နယ်ဖြစ်ပြီး အစိုးရက ကျောက်မီးသွေး သုံးတာကို ကန့်သတ်ပြီး သဘာဝဓာတ်ငွေ့ အစားထိုးဖို့ ကြိုးစားချက်တွေကြောင့် အလုပ်သမားတွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့ နေရာဖြစ်ပါတယ်။

အစားထိုးလောင်စာနဲ့ သန့်စင်တဲ့ စွမ်းအင်ထုတ်လုပ်မှုတွေ နေရာယူမှာဖြစ်တဲ့ အတွက် သူသမ္မတအဖြစ် တာဝန်ယူချိန်မှာ ကျောက်မီးသွေးတူး အလုပ်သမားတွေ အများအပြား အလုပ်လက်မဲ့ ဖြစ်သွားနိုင် တယ်ဆိုပြီး Hillary Clinton က သတိပေးခဲ့တာကြောင့် အလုပ်သမားတွေဘက်က ဝေဖန်ခဲ့ကြပါတယ်။

XS
SM
MD
LG