ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ပလင်ကန်သမ္မတ Donald Trump က မဲအကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ် ၇ ခုလုံးမှာ အနိုင်ရပြီး၊ တနိုင်ငံလုံး စုစုပေါင်း မဲအရေအတွက်မှာလည်း အသာရခဲ့ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်ကတော့ တနိုင်ငံလုံးမဲစစ်တမ်းမှာ ဒီမိုကရက်တစ် သမ္မတ Kamala Harris က အခု ရွေးကောက်ခံ ရီပတ်ပလင်ကန်သမ္မတ Donald Trump ကို အနည်းငယ် ကပ်သာနေခဲ့ပါတယ်။ စစ်တမ်းတွေအရ ပြည်နယ် ၇ ခုမှာ မဲအကျိတ်အနယ်ဖြစ်နေပြီး၊ ဒီ ပြည်နယ်တွေဟာ ရွေးကောက်ပွဲ ရလဒ်ကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ သုံးသပ်သူတွေ ယူဆခဲ့ကြပါတယ်။
အခုတော့ ဒီပြည်နယ် ၇ ခုလုံးမှာ ရီပတ်ပလင်ကန် ကိုယ်စားလှယ် Trump က အနိုင်ရပြီး၊ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်မဲ စုစုပေါင်း ၃၁၂ ရတဲ့အတွက် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလာဒ်မှာ သူသမ္မတအဖြစ် အရွေးကောက်ခံလိုက်ရပါပြီ။
လာမယ့် ဇန်နဝါလ ၂၀ ရက်နေ့မှာတော့ အသက် ၇၈ နှစ်အရွယ် ရွေးကောက်ခံသမ္မတ Trump ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်သလို၊ အမေရိကန်သမိုင်းမှာလည်း အသက်အရွယ်အရ အကြီးဆုံး သမ္မတလည်းဖြစ်လာမှာပါ။
Trump ဟာ အခု ရွေးကောက်ပွဲမှာ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်မဲတွေ အနိုင်ရရုံတင်မဟုတ်ပဲ၊ တနိုင်လုံး စုစုပေါင်း မဲအရေအတွက်မှာလည်း အနိုင်ရပါတယ်။ ဒါဟာ ၂၀၀၄ ခုနှစ်က သမ္မတဟောင်း George W.Bush ပြီးတဲ့နောက် တနိုင်ငံလုံး လူထုမဲအရေအတွက်နဲ့ အနိုင်ရတဲ့ ရီပတ်ပလင်ကန်သမ္မတလည်းဖြစ်လာပါမယ်။
Forum