သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝှမ်း ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်


Louisiana ဆန္ဒပြပွဲ
Louisiana ဆန္ဒပြပွဲ

Dallas ရဲ အရာရှိ ၅ ယောက်သေဆုံးခဲ့ရပြီး နောက် ၇ ဦး ဒဏ်ရာရခဲ့တဲ့ ချောင်းမြောင်းတိုက်ခိုက်မှုဟာ အခုထက် အတော်ကြီးပိုဆိုးမယ့် အနေထားဖြစ်သွားနိုင်တယ်လို့ Dallas ရဲချုပ် David Brown က ပြောပါတယ်။

သေဆုံးသွားတဲ့ သေနတ်သမားက သူဟာ လူဖြူတွေ အထူးသဖြင့် လူဖြူရဲတွေကို သတ်ချင်ကြောင်း ရဲညှိနှိုင်းသူတွေကို ပြောခဲ့တယ်လို့ ရဲချုပ်က တနင်္ဂနွေနေ့မှာ CNN သတင်းဌာနကို ပြောခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် Micah Xavier Johnson ရဲ့အိမ်ကို သောကြာနေ့က ရှာဖွေရာမှာ ဂျာနယ်တစောင်နဲ့ ဗုံးလုပ်တဲ့ပစ္စည်းတွေကို တွေ့ခဲ့ရပြီး ဒီပစ္စည်းတွေဟာ Dallas တမြို့လုံးသာမက Texas ပြည်နယ် မြောက်ပိုင်း တခုလုံးကိုပါ ပျက်စီး ထိခိုက်စေနိုင်လောက်အောင် ကြီးမားတယ်လို့လည်း ပြောပါတယ်။

သူကတော့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကို ရဲကသတ်ဖြတ်မှုအတွက် မကျေနပ်လို့ Dallas မှာ ဆန္ဒပြကြတဲ့ ကြာသပတေးနေ့ တိုက်ခိုက်မှုမှာပဲ ရဲတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လူဖြူရဲအရာရှိတွေရဲ့ပစ်ခတ်မှုနဲ့ နေရာ ၂ နေရာမှာ လူမဲ အမျိုးသား ၂ ဦးသေဆုံးခဲ့ချိန်ကစပြီး ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ဖြစ်ပွါးခဲ့ပါတယ်။ ဆန္ဒပြသူ အတော်များများ လည်း အဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲမှာ လူမဲအမျိုးသား တဦး အသတ်ခံခဲ့ရတဲ့ Louisiana ပြည်နယ် Baton Rouge က ထင်ရှားတဲ့ လှုပ်ရှားတက်ကြွသူ DeRay McKesson လည်း ပါပါတယ်။ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့မှုနဲ့ ဖမ်းခဲ့တဲ့ သူ့ကို တနင်္ဂနွေနေ့ နေ့လည်မှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

နောက်တဦး သေဆုံးခဲ့ရတဲ့ Minnesota က St. Paul မှာတော့ စနေနေ့က ဆန္ဒပြသူ ရာနဲ့ချီရှိပြီး သူတို့က ရဲတွေကို ကျောက်ခဲတွေ ပုလင်းတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။ ရဲတွေက မီးခိုးဗုံးတွေ ငရုပ်ရည်တွေ ဖျန်းပြီး လူစုခွဲခဲ့သလို လူပေါင်း တရာလောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီ အဓိကရုန်းအတွင်း ရဲ ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲကပြောပါတယ်။

ဆန္ဒပြပွဲတွေဟာ ဝါရှင်တန်မြို့တော်၊ နယူးရောက်၊ ဆန်ဖရန်စစ္စကို၊ Nashville နဲ့ Indianapolis မြို့တွေမှာလည်း ပြုလုပ်ခဲ့ကြတာပါ။ Tennessee နဲ့ Wisconsin ပြည်နယ်အပါအဝင် အနဲဆုံး ပြည်နယ် ၂ ခုမှာ ရဲကို ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့တာမို့ လုံခြုံရေးကင်းလှည့်ရာမှာ တယောက်ထဲ မသွားဖို့ မြို့ကြီး အတော်များများက ရဲအရာရှိတွေကို အမိန့်ထုတ်ထားပါတယ်။

ရဲနဲ့ တက်ကြွလှုပ်ရှားသူတွေ တဦး စကားကို တဦးက နားထောင်ဖို့ လိုအပ်တယ်လို့ သူ့ရဲ့ စပိန်ခရီးစဉ်ကို ချုံ့ပြီး ဒီသီတင်းပါတ်ထဲမှာပဲ Dallas ကို သွားရောက်ဖို့ စီစဉ်နေတဲ့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG