သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဝန်ကြီးဌာန နှစ်ခုအပေါ် ကန် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုချမှတ်


သမ္မတ ထရမ့်အစိုးရလက်ထက် ပြည်နှင်ဒဏ်ပေးခံရသူတွေကို ပြန်ပြီးလက်ခံဖို့ ငြင်းပယ်တဲ့ မူရင်းနိုင်ငံပေါင်း မြန်မာအပါအဝင် ၉ နိုင်ငံရှိနေ။
သမ္မတ ထရမ့်အစိုးရလက်ထက် ပြည်နှင်ဒဏ်ပေးခံရသူတွေကို ပြန်ပြီးလက်ခံဖို့ ငြင်းပယ်တဲ့ မူရင်းနိုင်ငံပေါင်း မြန်မာအပါအဝင် ၉ နိုင်ငံရှိနေ။

အမေရိကန်ပြည်ထောင်စုက ပြည်နှင်ဒဏ်ပေးခံရတဲ့ မြန်မာနဲ့ လာအို နိုင်ငံသားတွေကို ပြန်ပြီးလက်ခံဖို့ သက်ဆိုင်ရာ အစိုးရတွေဘက်က ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိတဲ့အတွက် အဲဒီနှစ်နိုင်ငံအပေါ် ဗီဇာပိတ်ပင်မှုကို သမ္မ Trump အစိုးရက တနင်္လာနေ့က ချမှတ်လိုက်ပါတယ်။

အမေရိကန် အမိမြေ လုံခြုံရေးဌာနရဲ့ အရေးယူဆောင်ရွက်မှုအရ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာန အရာရှိကြီးတွေနဲ့ မိသားစုဝင်တွေကို က ဇူလိုင်လ (၉)ရက်နေ့ကတည်း ဗီဇာထုတ်ပေးတာ ရပ်ဆိုင်းဖို့ မြန်မာ နဲ့ လာအို နိုင်ငံက အမေရိကန်သံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ညွန်ကြားချက် ပေးပို့ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ဇူလိုင်လ (၁၀)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမေရိကန် အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်အရ ဗီဇာပိတ်ပင်အရေးယူမှု အစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဌာန နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အဓိက မြန်မာ ဝန်ကြီးဌာန နှစ်ခုဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန နောက် ပြည်ထဲရေးဝန်ကြီးဌာန တွေက လက်ရှိ ညွန်ကြားရေးမှူးချုပ်ရာထူးအဆင့်အပါအဝင် သူရဲ့ အထက် ဝန်ကြီးအဆင့်ထိ အရာရှိကြီးအားလုံးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အလုပ်သဘောပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ် B1၊ B2 nonimmigrant ဗီဇာတွေကို ဇူလိုင်လ (၉)ရက်က စတင်ပြီး ချွင်းချက် အကန့်အသတ်နဲ့ ပိတ်ပင်အရေးယူလိုက်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနဲ့ လာအို အစိုးရတွေဟာ အမေရိကန်က ပြည်နှင်ဒဏ်ပေးလိုက်တဲ့ သူတို့နိုင်ငံသားတွေကို ပြန်ပြီးလက်ခံဖို့ ငြင်းပယ်တာ ဒါမှမဟုတ် ခိုင်လုံတဲ့ အကြောင်းပြချက်မပေးပဲ နှောင့်နေးနေတာ စတဲ့ အချက်တွေကြောင့် အရေးယူဖို့ အမေရိကန် အမိမြေလုံခြုံရေးဌာန ဝန်ကြီး Kirstjen M.Nielsen က နိုင်ငံခြားရေးဝန်ကြီး Pompeo ကို အကြောင်းကြားခဲ့တာဖြစ်ကြောင်း အင်္ဂါနေ့ နှောင်းပိုင်းက ထုတ်ပြန်တဲ့ အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မြန်မာနဲ့ လာအိုတို့နဲ့ ပတ်သက်ပြီး အမိမြေ လုံခြုံရေးထံက လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသား အက်ဥပဒေပုဒ်မ ၂၄၃ (ဃ) အရ အမေရိကန်နိုင်ငံခြားရေးဌာနထံ ပေးပို့တဲ့ အကြောင်းကြားစာကို လက်ခံရရှိပါတယ်။ အဲဒီဥပဒေအရ ကိုယ့်နိုင်ငံသားတွေကို ပြန်လက်ခံဖို့ ငြင်းဆိုတာ ဒါမှမဟုတ် အတိုင်းအစမရှိ ကြန့်ကြာအောင် လုပ်တဲ့ နိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကို အမိမြေလုံခြုံရေးဌာနက အကြောင်းကြားရပါတယ်။ အကြောင်းကြားစာလက်ခံရရှိပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးက သက်ဆိုင်ရာ နိုင်ငံမှာ ဘယ်ဗီဇာ ဒါမှမဟုတ် ဗီဇာအားလုံးထုတ်ပေးတာကနေ ရပ်ဖို့ သံရုံးရဲ့ ကောင်စစ်ဝင်အရာရှိတွေကို အမိန့်ပေးရပါတယ်။ ဗီဇာကန့်သတ်မှုတွေကို ချမှတ်ရာမှာ လျှောက်ထားသူတွေရဲ့ ဘယ်အမျိုးအစားတွေအပေါ်မှာ ကန့်သတ်မယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်ရတာဖြစ်ပါတယ်။”

ဒါအပြင် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ညွန်ကြားချက် ပေးပို့ထားတာနဲ့ ပတ်သက်လို့လည်း သူက အခုလိုရှင်းပြပါတယ်။

“မြန်မာနဲ့ လာအိုနိုင်ငံမှာ ဗီဇာကန့်သတ်မှုတွေကို ၂၀၁၈ ဇူလိုင်လာ ၉ ရက်နေ့ကစလို့ ချမှတ်ဖို့ ကောင်စစ်ဝန်ရုံးအရာရှိတွေကို နိုင်ငံခြားရေးဝန်ကြီးက အမိန့်ပေးထားပါတယ်။ နိုင်ငံတနိုင်ငံခြင်းစီလိုက် လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသား အက်ဥပဒေပုဒ်မ ၂၄၃(ဃ) အရ ဗီဇာကန့်သတ်ခံထားရတဲ့ လျှောက်ထားသူတွေရဲ့ အမျိုးအစားတွေကို နိုင်ငံခြားရေးဝန်ကြီးက အဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။ အမေရိကန်သံရုံး ကောင်စစ်ဝန်ရုံးရဲ့ လုပ်ငန်းတွေကတော့ ဆက်ပြီးရှိသွားမှာပါ။ အခုလို ဗီဇာ ကန့်သတ်မှုတွေဟာ ဗီဇာ ဆိုင်းငံ့ခြင်းခံထားရမှုမှာ မပါဝင်တဲ့ လူတွေရဲ့ လျှောက်လွှာတွေကို စိစစ်မှုအပါအဝင် တခြား ကောင်စစ်ဝန်ရုံးရဲ့ လုပ်ငန်းတွေနဲ့ မပတ်သက်ပါဘူး။”

အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်မှာလည်း အခုလိုအရေးယူမှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက် မချခင်အချိန်ထိ မြန်မာနဲ့ လာအို နှစ်နိုင်ငံအစိုးရတွေရဲ့ အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အမေရိကန်အစိုးရက သံတမန်ရေးအရ အပြန်အလှန်ဆွေးနွေးပြောဆို ကြိုးပမ်းခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ကိုယ့်ရဲ့နိုင်ငံသားတွေကို ပြန်ပြီးလက်ခံဖို့ ခရီးသွားလက်မှတ်၊ ပတ်စ်ပို့ စတာတွေကို ထုတ်ပေးဖို့ ငြင်းပယ်တဲ့ နိုင်ငံတွေကြောင့် အမေရိကန် လွှတ်တော်က ပြဌာန်းထားတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဥပဒေအရ ဆောင်ရွက်တဲ့ အမေရိကန်အစိုးရရဲ့ ပြည်နှင်ဒဏ်ခတ်အရေးယူမှုဟာ အဓိပ္ပါယ် ကင်းမဲ့စေတယ်လို့လည်း အမိမြေ လုံခြုံရေးဌာနက ပြောပါတယ်။ ဒါအပြင် သူများနိုင်ငံမှာ ပြည်နှင်ဒဏ်ပေးခံရတဲ့ ကိုယ့်နိုင်ငံသားတွေကို ပြန်ပြီးလက်ခံရမယ်ဆိုတဲ့ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကိုလည်း အဲဒီနိုင်ငံတွေက ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒါအပြင် Zadvydas ဇာဗီဒါ နဲ့ Davis အမှုတွဲအပေါ်မှာ နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံရမယ်ဆိုရင် ချွင်းချက်အနည်းငယ်ကလွဲပြီး လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူတွေ ဒါမှမဟုတ် ထွက်ပြေးမယ့် အန္တရာယ်ရှိသူတွေလို့ ယူဆရတဲ့ တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ အပါအဝင် ပြည်နှင်ဒဏ်အမိန့် ချမှတ်ခံထားရတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဘယ်အချိန်မှာ သူတို့ ပြန်ပို့ခံရမလဲဆိုတာကို အထင်အရှား အသေအချာမသိဘူးဆိုရင် ဒီလူတွေကို ခြောက်လ ထက်ပိုပြီး ထိန်းသိမ်းပိုင်ခွင့် မရှိဘူးဆိုတာပါ။

ဒါကြောင့် ICE ခေါ် အမေရိကန် လူဝင်မှု နဲ့ အခွန်ကြီးကြပ်ရေးဌာနအနေနဲ့ ရာဇဝတ်ကျူးလွန်သူ အန္တရာယ်ရှိသူတွေကို ပြန်ပြီးလွှတ်ပေးနေရကြောင်း အမိမြေလုံခြုံရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

သမ္မတ Donald Trump အစိုးရလက်ထက်မှာ ပြည်နှင်ဒဏ်ပေးမှုကို အရင် အစိုးရတွေထက် ပိုမိုချမှတ်လုပ်ဆောင်လာတာတွေ့ရကြောင်း မြန်မာ အမေရိကန် လူမှုရေးအသင်း BACI ဥက္ကဌ ဒေါက်တာ Rodinga က ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ ၂၀၁၀ အထိလောက်က မြန်မာပြည်သားတွေ မြန်မာပြည်ပြန်ပို့ခံရတယ်ဆိုတာက မရှိသလောက်ပဲ။ ၁ ယောက် ၂ ယောက်ပေါ့လေ မူးယစ်ဆေးဝါးနဲ့ ၂ ခါ ၃ ခါ အဖမ်းခံရလို့ ပြန်ပို့တာရှိတယ်။ အခုကတော့ အရက်မူးပြီး ကားမောင်းတာ ၊ တခါ ၂ ခါ ဖမ်းခံရတာနဲ့ အဲဒါ မြန်မာပြည်ပြန်ပို့ဖို့ အရေးယူခံရတာမျိုးတွေရှိလာတယ်၊ ဒီ၂၀၁၈ ဖေဖော်ဝါရီလထဲမှာ မြန်မာသံရုံး ဝါရှင်တန်ဒီစီက ပြောကြားချက်အရဆိုရင် လူ ၃၀ ကျော်လောက် အမေရိကန်ပြည်ထောင်စုကနေ မြန်မာပြည်ပြန်ပို့ဖို့ စာရင်းပေးထားတာ။”

ပြည်နှင်ဒဏ်ပေးခံရသူတွေရဲ့ မူရင်းနိုင်ငံတွေက ဒီလူတွေကို ခရီးသွားလက်မှတ် ထုတ်ပေးခြင်းမရှိတဲ့အတွက် သူတို့ရဲ့ အထောက်အထားကိုယ်ရေးအချက်အလက်နဲ့ဘယ် နိုင်ငံသားဖြစ်တယ်ဆိုတာ အတည်ပြုချက်မရမခြင်း အမေရိကန်လူဝင်မှုနဲ့ အခွန်ကြီးကြပ်ရေးဌာနအနေနဲ့ ပြည်နှင်ဒဏ်ပေးတဲ့ အစီအစဉ်ကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း အမိမြေလုံခြုံရေးဌာနက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြည်နှင်ဒဏ်ပေးခံရတဲ့ မြန်မာနဲ့ လာအိုနိုင်ငံသားတွေကို ပြန်လက်ခံဖို့ သက်ဆိုင်ရာ အစိုးရတွေက ငြင်းပယ်တဲ့အနေနဲ့ ခရီးသွားလက်မှတ်တွေ ထုတ်ပေးခဲ့ခြင်း မရှိတဲ့အတွက် သူတို့တွေကို အမေရိကန်အစိုးရက ပြန်ပြီးလွှတ်ပေးနေရတဲ့အထဲမှာ ရာဇဝတ်မှုကြီးကြီးမားမား ကျူးလွန်သူတွေတောင် ပါဝင်နေကြောင်း အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်မှာရေးသားထားပါတယ်။

အရင်သမ္မတ အိုဘားမားလက်ထက်က ပြည်နှင်ဒဏ်ပေးခံရသူတွေကို ပြန်ပြီးလက်ခံဖို့ ငြင်းပယ်တဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံရှိခဲ့ပါတယ်။ လက်ရှိ သမ္မတ Trump လက်ထက်မှာတော့ အဲဒီနိုင်ငံတွေထဲက ကျူဘား၊ တရုတ်၊ အီရီထရီယား နဲ့ အီရန် လေးနိုင်ငံပဲ ဆက်လက်ကျန်ရှိနေပြီး နောက်ထပ် ထပ်တိုးတဲ့ နိုင်ငံတွေအဖြစ် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဟောင်ကောင် အပါအဝင် စုစုပေါင်း ၉ နိုင်ငံရှိနေကြောင်း ဗွီအိုအေ ကရရှိတဲ့ အမိမြေလုံခြုံရေးဌာနရဲ့ စာရင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG