သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reagan စာကြည့်တိုက်မှာလုပ်မယ့် ရီပတ်ဘလစ်ကန်သမ္မတလောင်းစကားစစ်ထိုးပွဲ


ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်း ယှဥ်ပြိုင်မယ့်သူတွေရဲ့ ဒုတိယအကြိမ်စကားစစ်ထိုးပွဲကျင်းပမယ့် သမ္မတဟောင်း ရော်နယ်ရေဂင်အထိမ်းအမှတ် စာကြည့်တိုက် (စက်တင်ဘာ ၂၆၊ ၂၀၂၃)
ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်း ယှဥ်ပြိုင်မယ့်သူတွေရဲ့ ဒုတိယအကြိမ်စကားစစ်ထိုးပွဲကျင်းပမယ့် သမ္မတဟောင်း ရော်နယ်ရေဂင်အထိမ်းအမှတ် စာကြည့်တိုက် (စက်တင်ဘာ ၂၆၊ ၂၀၂၃)

ဒီနေ့ (ဗုဒ္ဓဟူးနေ့) ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းယှဉ်ပြိုင်မယ့်သူတွေ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ကျင်းပပါလိမ့်မယ်။ ရီပတ်ဘလစ်ကန်ပါတီ ကွန်ဆာဗေးတစ်တွေရဲ့ စံထားရမယ်သူအဖြစ်သတ်မှတ်ထားတဲ့ သမ္မတဟောင်း Ronald Reagan အထိမ်းအမှတ် စာကြည့်တိုက်ရှိရာအဆောက်အအုံမှာ စကားစစ်ထိုးပွဲကျင်းပမှာပါ။ ဒါကြောင့်လည်း Ronald Reagan ရဲ့ ရပ်တည်ချက်တွေနဲ့ နိုင်းယှဉ်သုံးသပ် စရာ ဖြစ်လာပါတယ်။ VOA သတင်းထောက် Carolyn Presutti ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းတွေ ဒုတိယအကြိမ် စကားစစ်ထိုးပွဲ ကျင်းပမယ့်နေရာက ပါတီဝင်အတော်များများ အထွဋ်အမြတ်ထားတဲ့ နေရာပါ။ သမိုင်းမှာ အယောက် ၄၀ မြောက် အမေရိကန်သမ္မတအဖြစ်တာဝန်ယူခဲ့သူ Ronald Reagan ရဲ့ အမှတ်တရစာကြည့်တိုက်မှာပါ။ ကွန်ဆာဗေးတစ်တွေရဲ့ သင်္ကေတအဖြစ် စံထားခံရသူ ဖြစ်ပါတယ်။

“Part of living better, electrically.”

Ronald Reagan ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးတယောက်၊ လစ်ဘရယ် ဒီမိုကရက်တယောက်လို့ပဲ လူတွေက မြင်ခဲ့ကြတာပါ။ ၁၉၈၀ နှစ်တွေအတွင်း လူကြိုက်များတဲ့သူ သမ္မတသက်တမ်း နှစ်ကြိမ်တာဝန်ယူခဲ့သူပါ။ ကွန်ဆာဗေးတစ် စံတန်ဖိုးထားမှုတွေကို ထိန်းသိမ်းခဲ့သူ၊ အစိုးရ အုပ်ချုပ်ရေးအဖွဲ့အစည်းကို ပိုမကြီးအောင် ခြုံခဲ့ပြီး အခွန်တွေလျှော့ချ၊ ကာကွယ်ရေးအသုံးစရိတ်ကို တိုးခဲ့သူပါ။

လူတွေနဲ့ အကြီးအကျယ် ထိရောက်အောင်ဆက်သွယ်နိုင်သူအဖြစ် သူ့ကိုခေါ်ခဲ့ကြသလို ရိုးရှင်းတဲ့စကားလုံးတွေနဲ့ သမိုင်းကိုပြောင်းလဲခဲ့သူလည်း ဖြစ်ပါတယ်။

နံရံကြီးကို ဖြိုချလိုက်ပါဆိုတဲ့ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် Gorbachev ကို တိုက်တွန်းခဲ့တဲ့ သူ့စကားဟာ စစ်အေးခေတ်အလွန် ဘာလင်တံတိုင်းကို ဖြိုချဖို့ ကွန်မြူနစ်စနစ်နဲ့ ပိုင်းခြားမှုတွေ အဆုံးသတ်ဖို့၊ သမိုင်းဝင်မိန့်ခွန်းတခု ဖြစ်ခဲ့ပါတယ်။

Craig Shirley ဟာ သမ္မတဟောင်း Reagan ရဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ အိမ်ဖြူတော်မှာ တာဝန်ယူခဲ့သူ သမ္မတဟောင်း Reagan အကြောင်း စာအုပ် ၆ အုပ် ရေးသားခဲ့သူဖြစ်ပါတယ်။

"ရေဂင်ဟာ အမေရိကန်သမိုင်းမှာ Abraham Lincoln နေရာ အစားထိုးဝင်လာတဲ့ လူကြိုက်အများဆုံး ရီပတ်ဗလစ်ကန် တယောက်ပါ။"

ဒီနေ့ စကားစစ်ထိုးပွဲမှာ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ယှဉ်ပြိုင်သူတွေ သူတို့ကိုယ်သူတို့ Reagan နဲ့ နိုင်းယှဉ်ကောင်း နိုင်းယှဉ်ကြလိမ့်မယ်လို့ ပြောပါတယ်။

နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း Chris Christie ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ၊ တောင်ကာလိုင်းနားပြည်နယ် အထက်လွှတ် တော်အမတ် Tim Scott ၊တောင်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူးဟောင်း Nikki Haley ၊ ဇီဝနည်းပညာလုပ်ငန်းရှင် Ramaswamy နဲ့ ဒုသမ္မတဟောင်း Mike Pench တို့ ဆွေးနွေးကြပါလိမ့်မယ်။

Craig Shirley က မိုက်ပဲန့်စ်နဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

"Mike Pence ပြောတဲ့ အကြောင်းအရာတွေမှာ Reagan ရပ်တည်ကို သေချာပေါက် ပြန်တွေ့ရပါတယ်။ Nikki Haley တို့ Ramaswamy တို့လည်း အတူတူပါပဲ။"

ပထမအကြိမ် စကားစစ်ထိုးပွဲမှာ Ramaswamy က တရုတ်နိုင်ငံဟာ ယူကရိန်းကို ရုရှားကျူးကျော်တာထက် ပိုပြီး စိုးရိမ်ရတဲ့ နိုင်ငံလို့ ပြောဆိုသွားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley ကတော့ Ramaswamy ရဲ့ အသက်အရွယ်နဲ့ နိုင်ငံခြားရေးမူဝါဒမှာ အတွေ့အကြုံနည်းတာတွေကို ပြန်မေးခွန်းထုတ်ပါတယ်။

စကားစစ်ထိုးပွဲဝင်ပြိုင်ခဲ့တဲ့ သမ္မလောင်းပြိုင်ခဲ့သူတွေထဲမှာ Reagan က အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးပါ။ အသက်အရွယ် ဆိုတဲ့ကိစ္စအပေါ် ပါးပါးနပ်နပ် တုံ့ပြန်ပြောဆိုခဲ့သူပါ။

"ကျနော့ထက်ငယ်တဲ့၊ အတွေ့အကြုံမရှိသေးတဲ့အတိုက်အခံတွေကို နိုင်ငံရေးအတွက် နှိမ့်ချအမြတ်ထုတ်တာမျိုး ကျနော် မလုပ်ပါဘူး။"

အခုတကြိမ် စကားစစ်ထိုးပွဲမှာလည်း ရီပတ်ဗလစ်ကန်ပါတီတွင်း စစ်တမ်းတွေမှာ လူထုထောက်ခံမှုအများဆုံး Donald Trump ပါဝင်မှာ မဟုတ်ပါဘူး။ Nikki Haley က Trump ကို အမေရိကားမှာ သူမကြိုက်ဆုံး နိုင်ငံရေးသမားလို့ပြောပြီး Christie နဲ့ Pence တို့က သမ္မတမဖြစ်ထိုက်သူ၊ အရည်အချင်းမပြည့်တဲ့သူလို့ ဝေဖန်နေပါတယ်။ Ramaswamy ကတော့ Trump ဟာ ၂၁ ရာစုရဲ့ အကောင်းဆုံး သမ္မတလို့‌ ပြောဆိုနေပါတယ်။

သမိုင်းသုတေသီ စာရေးဆရာ Iwan Morgan ကတော့ အခုအချိန် သမ္မတဟောင်း Reagan သာ ရှိနေရင် ရီပတ်ဗလစ်ကန် ပါတီတွင်း ပြောနေဆိုနေကြပုံတွေကို ကြိုက်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။

"သူက တကယ်ပဲ နှိမ်နှိမ့်ချချ ဆင်ဆင်ခြင်ခြင်နေတဲ့သူပါ။ ကြွားဝါတာမျိုး လုပ်လေ့လုပ်ထ ရှိတဲ့သူမဟုတ်ပါဘူး။ ဒီနေ့ ရီပတ်ဗလစ်ကန်ပါတီအတွင်းက သဘောထားတွေနဲ့ ဆိုရင် သူနဲ့ မကိုက်ညီဘူးလို့ ပြောရမယ့် အချက်ပါ။"

သမ္မတဟောင်း Reagan ပြောခဲ့ဖူးတဲ့ အမှတ်ရစရာ တခွန်းတည်းသောစကား တခုကတော့ အခုအထိ လက်ခံကြတဲ့ မေးရမယ့် မေးခွန်းဖြစ်နေပါတယ်။

"ပြီးခဲ့တဲ့လေးနှစ်ကနဲ့ ယှဉ်ရင် ပိုပြီးကောင်းအောင် ခင်ဗျား လုပ်နိုင်ပြီလားဆိုတဲ့ မေးခွန်းပါ။"

ဒီ မေးခွန်းက အခု သမ္မတလောင်း မဲဆွယ်ပွဲတွေမှာလည်း အဓိကကျတဲ့မေးခွန်းတခု ဖြစ်နေတုန်းပါ။ ဒီနေ့ စကားစစ်ထိုးပွဲမှာပါမယ့် ယှဉ်ပြိုင်မဲ့သူတွေက ရီပတ်ဗလစ်ကန်ပါတီက သမ္မတအရွေးခံရအောင် ဦးဆောင်နိုင်တယ်ဆိုတာကို မဲဆန္ဒရှင်တွေ ယုံကြည်လက်ခံလာအောင် ပြောဆိုကြအုံးမှာ ဖြစ်ကြောင်းပါ ခင်ဗျား။ ကျနော် သိန်းထိုက်ဦးပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG