သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အစိုးရ ပြန်လည်ပတ်နိုင်မယ့် ဘဏ္ဍာရေးအစီအစဉ် အထက်လွှတ်တော်ပြင်ဆင်


အမေရိကန်အစိုးရ ယန္တရားတချို့ ရပ်ဆိုင်းထားရတာကို အဆုံးသတ်စေမယ့် အသုံးစားရိတ် မူကြမ်းတခုကို အထက်လွှတ်တော် ရီပတ်ဘလီကန် အမတ်တွေက ထုတ်ပြန်လိုက်ပါတယ်။ သမ္မတ Donald Trump ရဲ့အဆိုအရ စေ့စပ်ညှိနှိုင်းရေး အစီအစဉ်လို့ ခေါ်တဲ့ အဆိုပြုချက်နဲ့အညီ လုပ်ဆောင်တဲ့ ဒီ အဆိုပြုချက်ဟာ ဘယ်မှ ခရီးရောက်မှာ မဟုတ်ကြောင်း ဒီမိုကရက်တွေက ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလတွေကတည်းက နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ တရားမဝင် ရွေ့ပြောင်း နေထိုင်သူတွေနဲ့ မူးယစ်ဆေးဝါးတွေကို ဟန့်တားရေးအတွက် မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မက္ကဆီကို နယ်စပ်မှာ တံတိုင်း တည်ဆောက်ရေး သမ္မတ Trump က တောင်းဆိုထားတဲ့ ဒေါ်လာ ၅.၇ ဘီလီယံကိစ္စဟာ နှစ်ဘက် နိုင်ငံရေးအရ သဘောထားကွဲပြားနေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

တံတိုင်းတည်ဆောက်မယ့် အစီအစဉ်ဟာ အကုန်အကျများပြီး ရည်မှန်းချက်ကို ထိရောက် အောင်မြင်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဒီမိုကရက်တွေဘက်က တုန့်ပြန် ပြောဆိုနေပြီး နယ်စပ်မှာ ခိုလှုံခွင့် လျှောက်ထားသူတွေ စိစစ်နိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ တရားသူကြီးတွေ တိုးမြင့် ခန့်ထားတာ၊ နယ်စပ်မှာ စိစစ်မှုတွေ လုပ်နိုင်တဲ့ နည်းပညာတွေ တိုးမြင့် တပ်ဆင်တာတွေ လုပ်နိုင်ရေးအတွက် ဒေါ်လာ ၁.၃ ဘီလီယံ သုံးစွဲဖို့ အဆိုပြုထားပါတယ်။ အဲဒီ အဆိုပြုချက်တွေ ပါဝင်တဲ့ အစိုးရအသုံးစားရိတ် မူကြမ်းတွေကို အောက်လွှတ်တော် ဒီမိုကရက်တွေက အဆိုပြုထားကြပြီး လာမယ့် သီတင်းပတ်အတွင်းမှာလည်း ထပ်မံ အဆိုပြုကြဖို့ စီစဉ်ထားပါတယ်။

ရီပတ်ဘလီကန်တွေရဲ့ အဆိုပြုချက်ကို အထက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ဖို့ လူများစုခေါင်းဆောင် Mitch McConnell က စီစဉ်ထားပေမယ့် အင်္ဂါနေ့မှာတော့ ဖြစ်နိုင်ချေ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG