သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရုရှားအရေးစုံစမ်းမှု အချက်အလက်သစ်များ ပေါ်ထွက်ဖွယ်ရှိ


အထူးစုံစမ်းရေးမှူး Robert Mueller

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn အတွက် ပြစ်ဒဏ်သက်ညှာခွင့်ပေးရေး အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ မှတ်ချက်ထွက်ပေါ်လာပြီးနောက်မှာတော့ တရားရုံးတင် တိုင်ကြားချက်မှာ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ကြားဝင်နှောင့်ယှက်မှု အပေါ် အထူးစုံစမ်းရေးမှူးရဲ့ စုံစမ်းစစ်ဆေးမှုတွေရဲ့ အချက်အလက်သစ်တွေ ပေါ်ထွက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မီဒီယာတွေမှာ ခန့်မှန်း ပြောဆိုချက်တွေ အကြီးအကျယ် ထွက်ပေါ်နေပါတယ်။

ပြည့်ပြည့်စုံစုံ တည်းဖြတ်ထားတဲ့ စာဖိုင်ကနေ ထွက်ပေါ်လာတာကတော့ ၁၈ လကြာ စုံစမ်းစစ်ဆေးမှုဟာ ပိုပြီး ရှုပ်ထွေးလာပြီး အရင်က မခန့်မှန်းထားတဲ့ မသိခဲ့တဲ့ အခြေအနေတွေကို ဦးတည်နေပြီဆိုတဲ့ အရိပ်အယောင်တွေလည်း ရှိနေပါတယ်။

ဖယ်ဒရယ် တရားရုံးကို ပြီးခဲ့တဲ့ အင်္ဂါနေ့ နှောင်းပိုင်းမှာ တင်ခဲ့တဲ့ ပြစ်ဒဏ်ဆိုင်ရာ စာချွန်လွှာမှာတော့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ကို လိမ်ညာခဲ့မှု အတွက် အပြစ်ရှိကြောင်း ၀န်ခံထားတဲ့ Flynn ကို ထောင်ဒဏ် အပြစ်မပေးဖို့ အထူးစုံစမ်းရေးမှူး Mueller က မှတ်ချက်ပေးထားတာပါ။ ရုရှား အရေး လက်ရှိ စုံစမ်းမှုတွေမှာ Flynn က အခိုင်အမာ အထောက်အပံ့ ပေးနေတယ်လို့ အထူးစုံစမ်းရေးမှူး Robert Mueller က အကြောင်းပြချက်ပေးပါတယ်။

Michael Flynn က အထူးစုံစမ်းရေးမှူးရုံးက ရှေ့နေတွေနဲ့ ၁၉ ကြိမ် တွေ့ဆုံ မေးမြန်းမှု လုပ်ခဲ့သလို တရားရေး ဌာနနဲ့လည်း ဆောင်ရွက်ခဲ့ပြီး သမ္မတ Donald Trump ရဲ့ သမ္မတရာထူး လွှဲပြောင်းရယူရေး အဖွဲ့နဲ့ ရုရှား အစိုးရ တာဝန်ရှိသူတွေကြား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက အပြန်အလှန် ဆက်သွယ်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ သတင်းအချက်အလက်တွေ ပေးခဲ့တယ်လို့ ရှေ့နေတွေက ရေးသားခဲ့ပါတယ်။ Flynn ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင်လည်း တခြား မျက်မြင်သက်သေတွေ ပူးပေါင်းဆောင်ရွက်လာစေဖို့ ဆွဲဆောင်နိုင်ခဲ့တယ်လို့လည်း ပြောဆိုပြီး Flynn ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG