သုံးရလွယ်ကူစေသည့် Link များ

သမ္မတ Donald Trump က နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်တင်သွင်းထားတဲ့ Neil Gorsuch ကို အထက်လွှတ်တော် တရားရေး ကော်မီတီက တနင်္လာနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်တဲ့အတွက် ရှေးရိုးစွဲဝါဒီ တရားသူကြီးဖြစ်တဲ့ သူ့အနေနဲ့ ဘ၀တသက်တာလုံး တာဝန်ထမ်းဆောင်ခွင့်ရှိမယ့် ဒီရာထူးအတွက် အထက်လွှတ်တော်မှာ အငြင်းပွားဖွယ် ဖြစ်နိုင်တဲ့ မဲခွဲ ဆုံးဖြတ်မှု ပြုလုပ်ကြရတော့မှာပါ။

အထက်လွှတ်တော်ရဲ့ ပုံမှန် လုပ်ထုံး လုပ်နည်းတွေနဲ့အညီ Gorsuch ကို အတည်မပြုရေး ဟန့်တားနိုင်ဖို့ သူတို့မှာ လုံလောက်တဲ့ မဲအရေအတွက် ရှိနေပြီဖြစ်ကြောင်း အတိုက်အခံ ဒီမိုကရက်ပါတီဝင်တွေက ပြောပါတယ်။ ဒါပေမယ့် အမတ်နေရာ အများစု အနိုင်ရထားတဲ့ ရီပတ်ဘလီကန် အမတ်တွေကတော့ လွှတ်တော်ရဲ့ ဥပဒေကို ပြောင်းလဲပြီး အသက် ၄၉ နှစ်အရွယ် Gorsuch ကို သမားရိုးကျ မဲအများစုနဲ့ သူ့ကို အတည်ပြုပေးမယ်လို့ ပြောပါတယ်။

တနင်္လာနေ့မှာ ဒီမိုကရက်တွေရဲ့ ကန့်ကွက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်ခဲ့ပေမယ့်လည်း အထက်လွှတ်တော် တရားရေးကော်မီတီက ရီပတ်ဘလီကန် အမတ်တွေက ၁၁ မဲ၊ ၉ မဲ အတည်ပြုပေးလိုက်တဲ့အတွက် ရှေ့သီတင်းပတ်အတွင်း အထက်လွှတ်တော် တရပ်လုံးက သူ့ကို အတည်ပြုရေးအတွက် မဲခွဲ ဆုံးဖြတ်ကြရတော့မှာ ဖြစ်ပါတယ်။

အမတ်အရေအတွက် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်က ရီပတ်ဘလီကန် အမတ်တွေ Gorsuch ကို လုပ်ရိုးလုပ်စဉ်အရ မဲခွဲ အတည်ပြုလို့ မရနိုင်တဲ့ အမတ်ရေအတွက် ၄၁ နေရာ ရှိထားကြောင်း ဒီမိုကရက် အမတ်တွေက ပြောပါတယ်။ အထက်လွှတ်တော်က အတည်ပြုပေးရမယ့် အဓိက အရေးပါတဲ့ ဥပဒေတွေနဲ့ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး နေရာတွေအတွက် Super Majority လို့ ခေါ်တဲ့ တမူထူးခြားတဲ့ လူများစုဖြစ်တဲ့ အမတ်အရေအတွက် ၆၀ လိုအပ်တာ ဖြစ်ပါတယ်။

XS
SM
MD
LG