သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ မြန်မာမဟာဗျူဟာ ဥပဒေကြမ်း တင်သွင်းသူ အထက်လွှတ်တော်အမတ် Ben Cardin နဲ့ မေးမြန်းခန်း


အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်တဲ့ မယ်ရီလန်းပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Ben Cardin နဲ့ လက်နက်ကိုင်တပ်များ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ကော်မတီဥက္ကဌ အာရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် John McCain တို့ ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တိုးတက်ရေးအတွက် ဒီမိုကရေစီ တိုးတက်ရေးကို ဘယ်လို ထောက်ခံအားပေးသွားမလဲဆိုတဲ့ ဥပဒေကြမ်းတရပ်ကို အထက်လွှတ်တော်မှာ အင်္ဂါနေ့က တင်သွင်းခဲ့ကြပါတယ်။

အဲဒီဥပဒေကြမ်းတင်သွင်းရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် Ben Cardin ကို ဒေါ်လှလှသန်း ဆက်သွယ်မေးမြန်းထားတာကို နားဆင်ရမှာပါ။

မေး - အထက်လွှတ်တော်အမတ် Cardin နဲ့ အထက်လွှတ်တော်အမတ် McCain တို့ ဒီကနေ့ပဲ မြန်မာနိုင်ငံရဲ့ သမိုင်းတင် နိုင်ငံရေးနဲ့ စီးပွားရေး အသွင်ကူးပြောင်းမှုကာလမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုကူညီ ထောက်ခံအားပေးသွားမလဲဆိုတဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဥပဒေကြမ်း တင်သွင်းရခြင်းရဲ့ နောက်ခံအကြောင်းရင်းကို သိပါရစေရှင်။

ဖြေ - “မြန်မာနိုင်ငံဟာ ဒီမိုကရေစီနည်းကျတဲ့ လူ့အဖွဲ့အစည်းကို လျှောက်လှမ်းနေပြီဖြစ်တဲ့အတိုင်း ပြုပြင်ပြောင်းလဲရေးတွေကို အမေရိကန်က အားပေးလိုတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ အဓိက အကဲစမ်းမှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် လွှတ်တော်အနေနဲ့ ဒီဥပဒေကြမ်း တင်သွင်းခြင်းအားဖြင့် လက်ရှိ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ပြီး လမ်းဖွင့်ပေးရာမှာ တည်ဆဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့ ဥပဒေဟာ ဆက်ထားဖို့ မသင့်တော်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်သွားတဲ့အခါ နိုင်ငံတွင်း ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး အကဲစမ်းမှုတွေ ကူညီဖြေရှင်းပေးဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အားဖြည့်ပေးဖို့ ရည်ရွယ်ပါတယ်။”

မေး - နှစ်နိုင်ငံ ဆက်ဆံရေးကို အားဖြည့်ဖို့ ဆိုရာမှာ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်းမှာ အထက်လွှတ်တော်အမတ်တို့အနေနဲ့ ၂၀၁၆ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ဥပဒေကြမ်းကို တင်သွင်းခဲ့ရာမှာ အရေးကြီးတဲ့ အချက်တချို့ကို သိပါရစေ။

ဖြေ - “အခုတင်သွင်းတဲ့ ဥပဒေကြမ်းမှာ အမေရိကန်က မြန်မာနိုင်ငံအပေါ် လက်ရှိ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံမှာ ဖိနှိပ်တဲ့ အစိုးရတွေ လက်ထက်တုန်းက ချမှတ်ခဲ့တဲ့ ဥပဒေတွေပါ။ ဒါကြောင့် ဒီဥပဒေကြမ်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ အဆိုပြုထားသလို၊ တချိန်တည်းမှာပဲ - မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အမေရိကန်အနေနဲ့ ရှေ့ဆက် ပိုပြီး ထဲထဲဝင်ဝင် ဘယ်လို ပါဝင်ဆောင်ရွက်ရမလဲ ဆိုတာလည်း အဆိုပြုထားပါတယ်။ ဒီဥပဒေကြမ်းမှာ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ ထောက်ခံအားပေးထားသလို၊ စီးပွားရေးအရ အထောက်အကူပေးရာမှာ နှစ်နိုင်ငံ ပြည်သူအချင်းချင်း ပါဝင်လုပ်ဆောင်နိုင်ဖို့၊ အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ် ဆက်ဆံရေးအပြင် နှစ်နိုင်ငံ ဘယ်လို ရှေ့ဆက် ဆောင်ရွက်သွားသင့်သလဲ ဆိုတာကိုလည်း တင်ပြထားပါတယ်။”

မေး - ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ အဆိုပြုထားတော့ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ တချို့ လူ့အခွင့်အရေး အုပ်စုတွေက မကြာသေးမီကပဲ သမ္မတ အိုဘားမားကို သတိပေးခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ထားဖို့ ဒါမှလည်း ဖိအားပေးနိုင်မှာဖြစ်တယ်၊ မြန်မာနိုင်ငံမှာ စစ်တပ်က တချို့နေရာတွေမှာ အာဏာရှိဆဲဖြစ်ပြီးတော့ ရိုဟင်ဂျာအရေး၊ တိုင်းရင်းသားအရေးလို လူ့အခွင့်အရေးပြဿနာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ထောက်ပြတာတွေရှိပါတယ်။ ဒီလို သတိပေးချက်တွေအပေါ် အထက်လွှတ်တော်အမတ် ဘယ်လို တုံ့ပြန်ချင်ပါသလဲရှင့်။

ဖြေ - “မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းပြီး ဒီမိုကရေစီ အဆောက်အအုံတွေ စတင် ချမှတ်နိုင်ပြီဆိုတာက သံသယရှိစရာ မလိုပါဘူး။ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရာမှာလည်း တိုးတက်မှုတွေ ရရှိနေတယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး။ တချိန်တည်းမှာပဲ နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီး ကျန်ရှိနေသေးတာကလည်း ရှင်းပါတယ်။ တိုင်းရင်းသား လူနည်းစုတွေအနေနဲ့ ဒုက္ခသိပ်ရောက်နေကြတယ်။ တချို့လူတွေလည်း နှောင့်ယှက်ဖမ်းဆီးခံနေကြရတယ်။ ဒါတွေကို ပြန်လည် စိစစ်ဖို့ လိုတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့် နောက်ထပ် တိုးတက်မှုရရှိဖို့ လိုအပ်တယ်ဆိုတာ ရှင်းပါတယ်။ ကျနော်နဲ့ အထက်လွှတ်တော်အမတ် John McCain တို့ တင်သွင်းတဲ့ ဥပဒေကြမ်းမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ချွင်းချက်တွေထားပြီး မြန်မာနိုင်ငံအတွက် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ရာမှာလည်း တိုးတက်မှုတွေ ဆက်လက်ရရှိမယ့်အပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။”

မေး - အထက်လွှတ်တော်အမတ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါသလား။ တွေ့ဆုံရာမှာ ဘယ်လိုမျှော်လင့်ချက်တွေ ရရှိမယ်လို့ ယူဆထားပါသလဲ။

ဖြေ - “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကတော့ လူတိုင်းအသိပါ။ ဒါကြောင့် အခုလို သူနဲ့ တွေ့ဆုံရာမှာ အပြုသဘောဆောင်ပြီး အားပေးထောက်ခံမှု ဖြစ်စေမှာပါ။ ရှေ့မှာ အကဲစမ်းမှုတွေ ရှိနေတာကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အကူအညီပေးနိုင်မှာ ဖြစ်ပေမဲ့ နိုင်ငံရဲ့ အနာဂတ်အကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံတွင်းရှိ ပုဂ္ဂိုလ်တွေကလည်း အမျှော်အမြင်ကြီးစွာ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။”

အခုလို ဗွီအိုအေ-မြန်မာပိုင်းကို ဆက်သွယ်မေးမြန်းခွင့်ပြုတဲ့အတွက် အထက်လွှတ်တော်အမတ်ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG