မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီးတဲ့နောက် လက်ရှိအစိုးရက အစိုးရသစ် လက်ထဲကို ချောချောမွေ့မွေ့ လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ စိုးရိမ်မှုတွေ ဆက်ရှိနေသလို နိုင်ငံတကာကလည်း ဒီကိစ္စ ကိုပဲ အဓိက ထောက်ပြ ပြောဆိုနေပါတယ်။ တက်ကြွလှုပ်ရှားသူတွေနဲ့ လေ့လာစောင့်ကြည့်သူတွေကြားထဲမှာလဲ ဒီ လွှဲပြောင်း ရေးကိစ္စ အနှောက်အယှက်ကင်းကင်းနဲ့ ဖြစ်ပါ့မလားဆိုတဲ့အပေါ် သဘောထားအမျိုးမျိုး ရှိနေကြပါတယ်။
မအင်ကြင်းနိုင်က စုစည်းတင်ဆက်မှာပါ။
ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ မြန်မာပြည်သူတွေကိုရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုပါ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တို့နှစ်ဦးလုံးက ကတိပေးပြောကြားခဲ့တာပါ။ ဒါကြောင့်လည်း လွှဲပြောင်းရေးကိစ္စ ဖြစ်လာလိမ့်မယ်လို့ မြင်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခပ် ဦးအောင်သူငြိမ်းကပြောပါတယ်။
“အာဏာလွှဲပြောင်းရေးကိစ္စဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ သမ္မတဦးသိန်းစိန်လဲ လူသိရှင်ကြားကတိပေးထားတာတွေရှိပါတယ်။ နောက်တခါအခု အာဆီယံထိပ်သီးစည်းဝေးသွားတဲ့အခါမှာ အာဆီယံခေါင်းဆောင်တွေကြား၊ နိုင်ငံတကာခေါင်းဆောင်တွေကြားထဲမှာလည်း အာဏာလွှဲပြောင်းပေးဖို့ကိစ္စ ရွေးကောက်ပွဲအနိုင်ရပါတီကို ဒီကိစ္စတွေကို ကတိပေးထားတာတွေရှိပါတယ်။ အဲတော့ကျနော်မြင်တာကတော့ အာဏာလွှဲပြောင်းတဲ့ကိစ္စကဖြစ်လာပါလိမ့်မယ်။ နိုင်ငံတကာဘက်မှာကျတော့လည်း စိုးရိမ်တယ်ဆိုတာကတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ရလာဒ်ကို ငြင်းခဲ့တဲ့ကိစ္စတွေရှိနေတယ်ဆိုတော့ စိုးရိမ်တယ်ဆိုတာ သဘာဝကျပါတယ်။”
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ချီးကျူးဂုဏ်ပြုကြောင်းနဲ့ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ အာဏာလွှဲပြောင်းဖို့ တိုက်တွန်းကြောင်းဖေါ်ပြထားတဲ့ အဆိုပြုချက်ကို အမေရိကန် အထက်လွှတ်တော်လူများစုခေါင်းဆောင် ရီပါပလင်ကင် အမတ် Mitch McConnell နဲ့ နောက် ရီပါပလင်ကင်အမတ်ဖြစ်တဲ့John McCain တို့နှစ်ဦး ဦးဆောင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အထက်လွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာလွှဲပြောင်းရေးချော့မွေ့စေဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကသာမက မြန်မာပြည်သူတွေဘက်ကလည်း သံသယနဲ့စောင့်ကြည့်နေကြတယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးက ဗွီအိုအေကိုပြောပါတယ်။
“အာဏာအလွှဲအပြောင်းပေါ့ဗျာ၊ ချောချေမွေမွေဖြစ်ရေးမဖြစ်ရေး ပေါ်မှာတော့ အမေရိကန်မှ မဟုတ်ဘူးဗျ၊ ကျနော်တို့ပြည်တွင်းမှာရှိနေတဲ့သူတွေလည်း စိတ်ပူနေတာပဲ။ အခုထက်ထိ အာဏာချောချောမွေ့မွေ့အာဏာလွှဲပြောင်းပါ့မလားဆိုတဲ့ သံသယမျိုးတွေကျန်နေသေးတယ်ဗျ။ လုံလုံကြီး စင်းလုံချောနေတဲ့အခြေအနေမျိုးတော့မမြင်ဘူးပေါ့။ ချောချောမောမောနဲ့အာဏာလွှဲပြောင်းခဲ့ရင်တော့ကောင်းပါတယ်။ အဲဒါကြောင့် အမေရိကန်နိုင်ငံကနေ မြန်မာပြည်ချောချောမွေ့မွေ့အာဏလွှဲပြောင်းရေးနဲ့ပတ်သက်ပြီး တိုက်တွန်းပြောကြားချက်တွေကို ကျနော်တို့အနေနဲ့ကြိုဆိုတယ်၊ ထောက်ခံတယ်။”
မြန်မာ့ဒီမိုကရေစီရေးနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေက နှစ်ပေါင်းများစွာ ကူညီအားေးခဲ့ကြတဲ့အထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍပိုပြီးအရေးပါတယ်လို့လည်း ကိုမြအေးကပြောပါတယ်။
“ကျနော်တို့အတွက် အမေရိကန်ရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့မြင်ပါတယ်။ စစ်အစိုးရလက်ထက်တလျောက်လုံးက အမေရိကန်နဲ့မြန်မာ ဆက်ဆံရေးမပြေလည်ခဲ့ဘူးဗျ။ အဲတော့ စစ်အစိုးရလက်ထက်တလျောက်လုံးမှာ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံရဲ့ကူညီထောက်ပံမှုကို ယူခဲ့တယ်။ တရုတ်နိုင်ငံနဲ့ပဲ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ခဲ့တယ်လို့ပဲမြင်တယ်။ အဲဒါနဲ့အတူ ဘာတွေပါလားလဲဆိုရင် သယံဇာတပိုင်းဆိုင်ရာကအစ ရင်းနှီးမှုမြှုပ်နှံမှုအားလုံးနီးပါးဟာ တရုတ်ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်နေတာတွေ့ရတယ်။ အဲတော့ ကျနော်တို့လိုနိုင်ငံမျိုးအနေနဲ့ တရုတ်ပြည်နဲ့ လည်းဆက်ဆံရေးကောင်းမွန်ဖို့လိုသလို အနောက်ဥရောပနိုင်ငံတွေ အထူးသဖြင့် အမေရိကန်ပေါ့နော် အဲဒီနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားနိုင်ဖို့လိုတယ်လို့မြင်ပါတယ်။”
လာမယ့် ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းရေးကာလမှာလည် အမေရိကန်ရဲ့ အကူအညီတွေဆက်ပြီးလိုအပ်နေအုံးမှာဖြစ်တယ်လို့ ကိုအောင်သူငြိမ်းကပြောပါတယ်။
“အခုအချိန်မှာ ကျနော်အမြင်က ပိုပြီးအရေးပါတာက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုဆက်လှမ်းတော့မယ်ဆိုရင် အကူအညီတွေအများကြီးလိုပါတယ်။ အထူးသဖြင့်နည်းပညာဆိုင်ရာအကူအညီ၊ စီးပွားရေးပြန်နလန်ထူလာဖို့နဲ့ နောက်တခုက ကျန်တဲ့ရုပ်ပိုင်းဆိုင်ရာအကူအညီတွေလိုပါတယ်။ ဒီအပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုကိုဆက်ပြီးအားကိုးနေရမယ်လို့မြင်ပါတယ်။”
နိုဝင်ဘာလ (၁၉)ရက်နေ့မှာ အထက်လွှတ်တော်မှာတင်သွင်းခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အဆိုပြုချက်နဲ့ပတ်သက်လို့ အမေရိကန်အထက်လွှတ်တော်အမတ် နှစ်ဦးက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်ကကျင်းပတဲ့ ရွေးကောက်ပွဲ ရလဒ်တွေဟာ မြန်မာနိုင်ငံအနာဂတ်အတွက် မျှော်လင့်ချက်တွေကို မြင့်မားစေခဲ့ပြီး တချိန်တည်းမှာပဲ မြန်မာအစိုးရအနေနဲ့ ပြည်သူတွေရဲ့လိုအင်ဆန္ဒကို အကောင်အထည်ဖေါ်ဖို့ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျလွှဲပြောင်းပေးရေးဆက်လက်ဆောင်ရွက်ရေး အရေးကြီးတယ်လို့ Mitch McConnell ကပြောပါတယ်။ဒီမြန်မာ့အရေးဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရအောင် ဦးဆောင်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကို အသိအမှတ်ပြုဂုဏ်ပြုတာဖြစ်ကြောင်းနဲ့ အမေရိကန်လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ အာဏာလွှဲပြောင်းရေးငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန်ဖြစ်အောင်ဝိုင်းဝန်းတိုက်တွန်းကြဖို့ John McCain ကလည်း ပြောကြားခဲ့ပါတယ်။