သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၅၀ ပြည့် ဆက်ဆံရေးတိုးမြှင့်ဖို့ ကန် နဲ့ စင်္ကာပူ ခေါင်းဆောင်နှစ်ဦး ကြိုးပမ်း


အရှေ့တောင်အာရှဒေသတွင်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပိုမို ပူးပေါင်း ဆောင်ရွက်မှုတွေကနေ ဖြေရှင်းကြဖို့ စင်္ကာပူဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတတို့ သဘောတူခဲ့ကြပါတယ်။

၂ နိုင်ငံကြား သံတမန်ဆက်ဆံရေး အနှစ် ၅၀ ပြည့် အထိမ်းအမှတ်နဲ့ Washington မြို့တော်မှာ နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်ရှိနေတဲ့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ သမ္မတ Barack Obama တို့ အင်္ဂါနေ့အစောပိုင်းက တေ့ွဆုံခဲ့ကြပြီး ခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အာဆီယံအဖွဲ့ကြီးကြား ပူးပေါင်းဆောင်ရွက်ရေးဟာ မဟာဗြူဟာအရ အရေးကြီးတယ်ဆိုတာကို ခေါင်းဆောင် ၂ ယောက် အလေးထား ပြောခဲ့ကြတဲ့အကြောင်း မစုမြတ်မွန်က တင်ပြထားပါတယ်။

၁၉၈၅ ခုနှစ်တည်းက စင်္ကာပူဝန်ကြီးချုပ် တယောက်အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပထမဆုံးသွားရောက်တဲ့ ခရီးစဉ်အဖြစ် စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ဟာ Washington မြို့တော်မှာ ရောက်ရှိနေပါတယ်။ ၁၉၆၅ ခုနှစ် စင်္ကာပူလွတ်လပ်ရေး ရရှိခဲ့ပြီးတဲ့နောက်မှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေး အနှစ် ၅၀ ပြည့်အထိမ်းအမှတ် နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်နေတဲ့ စင်္ကာပူဝန်ကြီးချုပ်ကို သမ္မတ Barack Obama က အင်္ဂါနေ့အစောပိုင်းက အိမ်ဖြူတော်မှာ ကြိုဆို တွေ့ဆုံခဲ့ပါတယ်။ အာရှဒေသဘက်ကို အာရုံပြောင်းစိုက်ခဲ့တဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ စင်္ကာပူနိုင်ငံကြောင့် ပိုပြီး အောင်မြင်ခဲ့တယ်လို့ သမ္မတအိုဘားမားက ကြိုဆို ပြောကြားခဲ့ပါတယ်။ အာရှဒေသကို ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာစေချင်တဲ့ အမြင်ဟာ အမေရိကန်မှာရော စင်္ကာပူမှာပါ တူညီတယ်လို့ ခုလို ပြောခဲ့တာပါ။

“ဒီကနေ့ ကျနော်တို့ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ တူညီတဲ့ အကျိုးစီးပွားတွေကြောင့် ဘုံသဘောထားအမြင်တွေအတိုင်း ငြိမ်းချမ်း၊ သာယာဝပြောတဲ့ အာရှပစိဖိတ်ဒေသ ဖြစ်လာအောင်၊ ပိုမိုလုံခြုံတဲ့ ကမ္ဘာကြီးဖြစ်လာအောင် အတူတွဲ ဆောင်ရွက်နိုင်ကြတာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ချိန်ခွင်လျှာညီအောင် အာရှပစိဖိတ်ဒေသအပေါ် အာရုံစိုက်ခဲ့တဲ့နေရာမှာ စင်္ကာပူနိုင်ငံနဲ့ အထူးသဖြင့် ဝန်ကြီးချုပ်လီဟာ အမေရိကန်ရဲ့ ခိုင်မာတဲ့ မိတ်ဘက်အနေနဲ့ ရပ်တည်ခဲ့ပါတယ်။ အာရှဒေသတွင်းမှာ အမေရိကန် ရှိနေနိုင်တာဟာ စင်္ကာပူရဲ့ ခိုင်မာတဲ့ ထောက်ခံမှုကြောင့် ဖြစ်ပါတယ်။ ဒေသတွင်းမှာ နိုင်ငံကြီးပဲဖြစ်ဖြစ် နိုင်ငံငယ်ပဲဖြစ်ဖြစ် တူညီတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်၊ ကုန်သွယ်ကြအောင်နဲ့ ၂၁ ရာစု ခြိမ်းခြောက်မှုတွေဖြစ်တဲ့ အကြမ်းဖက်ဝါဒ ကစလို့ ကူးစက်ရောဂါကနေ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အမေရိကန်နဲ့ စင်္ကာပူ အတူတွဲရပ်တည် ဆောင်ရွက်နေပါတယ်။”

အမေရိကန်နဲ့ ASEAN အသင်းကြီးကြားမှာ မဟာဗြူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ပြီး လုပ်သွားဖို့ အရေးကြီးတယ်ဆိုတာကို ဝန်ကြီးချုပ် Lee Hsien Loong နဲ့ သမ္မတ Barack Obama တို့ ၂ ယောက်လုံးက သဘောတူခဲ့ကြပါတယ်။ အာရှပစိဖိတ်ဒေသတွင်းမှာ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးတို့အတွက် Sunnylands မှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေအတိုင်း ဆက်ပြီး ဆောင်ရွက်သွားဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

“ASEAN လို ဒေသတွင်းက အဖွဲ့အစည်းကြီးတွေ ပိုပြီး အားကောင်းလာအောင် ကျနော်တို့က ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်းက Sunnylands မှာ သဘောတူခဲ့တဲ့ မူဝါဒတွေနဲ့အညီ ဆောင်ရွက်သွားပါမယ်။ ဒေသတွင်းက နိုင်ငံတွေအားလုံး ဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်ကြအောင်၊ တောင်တရုတ်ပင်လယ်ကိစ္စ အပါအဝင် အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ကြအောင် တတ်နိုင်သမျှ ဆောင်ရွက်သွားမယ်ဆိုတာကို ကျနော်တို့ ထပ်လောင်း ကတိပြုခဲ့ကြပါတယ်။”

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကလည်း အမေရိကန်ကြောင့် ဒေသတွင်း တည်ငြိမ်မှုရှိနေတာ ဖြစ်သလို၊ အာဆီယံအဖွဲ့ကြီး ပိုပြီးအားကောင်းလာတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“လက်ရှိမှာ ငြိမ်းချမ်းပြီး၊ ချမ်းသာဝပြောနေရတာဟာ အမေရိကန်ရဲ့ ရေရည်တည်တံ့မှု၊ မူဝါဒတွေနဲ့ ဆောင်ရွက်မှုတွေကြောင့် အများကြီး ဖြစ်ပါတယ်။ ကုန်သွယ်ရေးအတွက် အမေရိကန်ရဲ့ ဈေးကွက်တွေကို ဆက်လက် ဖွင့်ပေးတယ်။ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးအားကောင်း ခိုင်မာအောင် လုပ်ဆောင်တယ်။ အမေရိကန်ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အာရှဒေသ ပိုပြီးလုံခြုံမှုရှိအောင် ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးအတွက် အခြေခံ လိုအပ်ချက်တွေကို ကူညီဖန်တီးပြီး ဒေသတွင်းမှာသာမက နိုင်ငံတကာမှာ ဥပဒေစိုးမိုးမှုရှိအောင် အမေရိကန်က ဆောင်ရွက်ပေးနေပါတယ်။”

အမေရိကန်နဲ့ စင်္ကာပူအပါအဝင် အာရှပစိဖိတ်နိုင်ငံပေါင်း ၁၂ နိုင်ငံ လက်မှတ်ထိုးသဘောတူထားတဲ့ ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေး သဘောတူညီချက်အပေါ် အမေရိကန်မှာ ဆန့်ကျင်မှု တချို့ရှိနေချိန်မှာ ဒီသဘောတူညီမှုကို အမေရိကန်လွှတ်တော်မှာ အမြန်ဆုံး အတည်ပြုနိုင်ဖို့အတွက် ဝန်ကြီးချုပ် Lee Hsien Loong က တိုက်တွန်းခဲ့ပါတယ်။ စင်္ကာပူဟာ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်သလို အမေရိကန်ဟာ စင်္ကာပူမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

“TPP သဘောတူညီချက်ကို ကွန်ဂရက်လွှတ်တော်က မကြာခင် အတည်ပြုပေးမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ သမ္မတအိုဘားမားကလည်း အလားတူ မျှော်လင့်မယ်ဆိုတာ သေချာပါတယ်။ TPP ကုန်သွယ်ရေးသဘောတူညီချက်က အမေရိကန်က လုပ်သားတွေ၊ လုပ်ငန်းတွေကို အကျိုးရှိစေနိုင်ရုံမကဘဲ၊ အာရှပစိဖိတ်ဒေသမှာ အမေရိကန်က ဆက်ပြီး ဦးဆောင်သွားမယ်၊ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးခိုင်မာစေမယ်ဆိုတဲ့ အရေးကြီး၊ ပြတ်သားတဲ့ လုပ်ဆောင်ချက်ကို ပြလိုက်ရာလည်း ရောက်ပါမယ်။”

ခိုင်မာတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြည်သူအချင်းချင်းကြား ရင်းနှီးဆက်ဆံမှုကြောင့် ၂ နိုင်ငံကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တယ်လို့ ခေါင်းဆောင် ၂ ဦးထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း စင်္ကာပူဝန်ကြီးချုပ် တယောက်အနေနဲ့ အမေရိကန်ကိုရောက်နေတဲ့ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ သူ့ရဲ့ဇနီးတို့ကို သမ္မတအိုဘားမားနဲ့ ဇနီးတို့က Washington ဒေသစံတော်ချိန် အင်္ဂါနေ့ညပိုင်း အခုအသံလွှင့်ပြီး မကြာခင်အချိန်ကျရင် အိမ်ဖြူတော်မှာ နိုင်ငံတော်ညစာနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၅ ရက် သောကြာနေ့အထိ Washington မြို့တော်မှာ ရှိနေမယ့် စင်္ကာပူဝန်ကြီးချုပ်ကို ဒုသမ္မတ Joe Biden က နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့အတူ နိုင်ငံခြားရေးဌာနမှာ နေ့လည်စာနဲ့ တည်ခင်းဖို့လည်း ရှိပါတယ်။ အမေရိကန်ကုန်သည်ကြီးများအသင်းနဲ့ အမေရိကန်အာဆီယံ စီးပွားရေးကောင်စီတို့က ပူးတွဲစီစဉ်တဲ့ အခမ်းအနားမှာလည်း စင်္ကာပူဝန်ကြီးချုပ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG