သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်းခြိမ်းခြောက်မှုဟန့်တားရေး ပူးပေါင်းမြှင့်တင်ဖို့ ကန်နဲ့တောင်ကိုရီးယားကတိပြု


US South Korea
US South Korea

အမေရိကန်နဲ့ တောင်ကိုရီယားနိုင်ငံအကြား ဆယ်စုနှစ် ၇ ခုကြာ မဟာမိတ်ဖြစ်မှု အထိမ်းအမှတ်ကာလမှာပဲ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေတိုးလာနေတာကို ပူးတွဲဟန့်တားရေး တိုးမြှင့်ဆောင်ရွက်မယ်လို့ နှစ်နိုင်ငံ ကတိကဝတ်ပြုခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ဒုံးလက်နက် အချက်ပြစနစ်ပူးတွဲထားရှိရေးနဲ့ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာလှုပ်ရှားမှုတွေကိုတန်ပြန်ဖို့ မဟာမိတ်နှစ်နိုင်ငံကြား ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္လာနေ့မိန့်ခွန်းတရပ်မှာ ထည့်သွင်းပြောခဲ့ပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ နိုင်ငံခြားရေးဝန်ကြီး Blinken က တောင်ကိုရီးယားကို သွားရောက်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားအရာရှိတွေပြင်ဆင်နေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး Blinken က အခုလို မှတ်ချက်စကားပြောတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin နဲ့ နိုဝင်ဘာလကျရင်တော့ တောင်ကိုရီးယားနိုင်ငံအတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ အဲဒီအစည်းအဝေးတွေအတွင်းမှာတော့ မြောက်ကိုရီးယားခြိမ်းခြောက်မှု ကာကွယ်ရေးမှာ ဒေသတွင်းမဟာမိတ်ပြုမှု တိုးမြှင့်ဆောင်ရွက်ဖို့ကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ ဒီမတိုင်ခင်ကတော့ သူတို့နှစ်ဦးဟာ အမေရိကန်ပြည်ထောင်စုအတွင်း အကြိမ်အတော် များများ တွေ့ဆုံခဲ့ကြပြီးပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးသစ် Kamikawa Yoko တို့ဟာ နယူးယောက် ကုလသမဂ္ဂအထွေထွေညီလာခံအပြင်ပန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒေသတွင်းလုံခြုံရေးခြိမ်းခြောက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန်တုံ့ပြန်ကြမယ်လို့ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဂတိပြုခဲ့ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေ တိုကျိုမှာကျင်းပမယ့် G 7 စက်မှုထိပ်သီးနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်း သွားရောက်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG